ရန်ကုန် မတ် ၃
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ၃-၃-၂၀၂၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (တီတီစီ) တွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင် လယ်ဝေး)၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ (ပြည့်အောင်)နှင့် တွဲဖက်အတွင်းရေးမှူး (၂) ဦးသက်နိုင်ဦးတို့က တက်ရောက် ဆွေးနွေးဟောပြောခဲ့ကြရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် သတင်းများကို အမှားအမှန် ခွဲခြားသုံးသပ်နိုင်စေရန် သာဓကများ၊ အချက်အလက်များ အပြည့်အစုံဖြင့် ဆွေးနွေးခဲ့ကြပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာများ အသုံးပြု၍ အမှန်အမှား ခွဲခြားသုံးသပ်နိုင်မည့် နည်းလမ်းများအပြင် ကျောင်းသားလူငယ်များ အနေဖြင့် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စာပေဖတ်ရှုလေ့လာမှုပြုကြရေး၊ မိဘဆရာသမားတို့၏ကွပ်ကဲမှု အနည်းဆုံးဖြင့် အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင် ရွက်သွားရမည့် အကြောင်းများကိုလည်း ထည့်သွင်းဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာ သမိုင်းစာအုပ်များနှင့် အခြားသိမှတ်ဖွယ်ရာ စာအုပ်များကို ဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (တီတီစီ) ကကျောင်းအုပ် ဆရာမကြီးထံသို့ အမှတ်တရလက်ဆောင်ပေးအပ်ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားသို့ ကျောင်းသား ကျောင်းသူစုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအနေဖြင့် သတင်းအမှန်အမှား ခွဲခြားသုံးသပ်နိုင်စေရေး ဟောပြောပွဲများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များပေါ်မူတည်၍ အခြေခံပညာကျောင်းများတွင် ဆက်လက် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း သိရသည်။
သတင်းစဉ်