မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်အား ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆို ထားခြင်းနှင့်ပတ်သက်၍ ICJ တရားရုံးတွင် တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
အဆိုပါကြားနာပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ICJ အနေဖြင့် ဥပဒေ ကြောင်းအရထိုအမှုကို လက်ခံကြားနာစစ်ဆေးခွင့်မရှိကြောင်း လျှောက်လဲရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေ များကလည်း မြန်မာနိုင်ငံကတင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များနှင့် ပတ်သက်၍ တရားရုံးသို့ ခိုင်မာသောအချက်အလက်များဖြင့် ပြတ်ပြတ် သားသား တင်ပြလျှောက်လဲခဲ့ကြသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကနဦး ကန့်ကွက်ချက်များအား အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တိုင်းပြည် နှင့်လူမျိုးအကျိုးအတွက် ရဲဝံ့ပြတ်သားစွာဆောင်ရွက်ခဲ့ကြသော မြန်မာကိုယ်စား လှယ်အဖွဲ့အား ပြည်သူများက ဂုဏ်ယူဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော အချိန်တွင် အခိုက်အတန့်တွေ့လိုက်ရသော မြင်ကွင်းများမှာ အားတက်စရာဖြစ် သည်။ ရဟန်းရှင်လူပြည်သူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံများ အားကိုင်ဆောင်၍ အားတက်သရော ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ကြသည့် မြင်ကွင်းများကို ကြည့်မည်ဆိုလျှင် နိုင်ငံသူနိုင်ငံသားများက မိမိနိုင်ငံနှင့်မိမိလူမျိုးအပေါ် ထိပါး စော်ကားလာသော၊ ထိခိုက်နစ်နာအောင်ပြုလုပ်လာသော၊ မိမိနိုင်ငံ ပြည်တွင်း ရေးကိုစွက်ဖက်လာသော တိုင်းတစ်ပါးမှမည်သူ့ကိုမဆိုလက်မခံဆန့်ကျင်သွားမည် ဆိုသည့် မဟုတ်မခံ၊ အထိမခံသည့် မျိုးချစ်စိတ်ဓာတ်ထက်သန်သော မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်များကို ထင်ရှားပေါ်လွင်စွာ တွေ့ရမည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း ဝေးလံသည့်တိုင်းတစ်ပါးနိုင်ငံ သို့သွားရောက် ရှင်းလင်းခဲ့သည့် ကာလအတွင်း တိုင်းပြည်၏ အချုပ်အခြာအာဏာ နှင့် ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်း ကုန်ကြိုးပမ်းကာကွယ်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်က ပြဋ္ဌာန်း ထားသည့် ဥပဒေ၊ နိုင်ငံတကာက အသိအမှတ်ပြုထားသော ဥပဒေတို့နှင့်အညီ အခြေအမြစ်မရှိတရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး တို့အား မြန်မာကိုယ်စားလှယ်အဖွဲ့ က အချက်ကျကျ တုံ့ပြန်ရှင်းလင်းချေပခဲ့ သည်တို့မှာ နိုင်ငံအတွက် များစွာအားတက်ဖွယ်ရာဖြစ်စေခဲ့သည်။ ထို့အပြင် နိုင်ငံ တကာတရားရုံးတွင်ချေပခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့အား သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည့် မြန်မာတို့၏ အားမာန်များသည် တိုင်းပြည်အတွက် ခွန်အားများဖြစ်စေပါသည်။
အမှန်တကယ်တွင် တရားစွဲနိုင်ခွင့်အခြေအနေများ မရှိမှန်းသိပါသော်လည်း၊ တိုင်းပြည်တစ်ပြည်ကို ပျက်စီးထိခိုက်အောင် လုပ်ဆောင်နိုင်စွမ်းမရှိပါသော်လည်း မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်တွင် အရှက်တကွဲဖြစ်အောင်၊ ဂုဏ်သိက္ခာကျအောင် တမင်သက်သက်ပြုလုပ်ခြင်းသာဖြစ်ပေသည်။ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကိုအကြောင်းပြု၍ လူမျိုးတုံးစေမှုဟု မဟုတ်မမှန်စွပ်စွဲချက်များ၊ မမှန်မကန်သတင်းအချက်အလက်များဖြင့် မြန်မာ့အချုပ်အခြာအာဏာထိခိုက် စေအောင် ကြံစည် ဆောင်ရွက်နေကြသည်မှာ ကြာပြီဖြစ်သည်။ ယခုလည်း တရား စွဲဆိုပိုင်ခွင့်မရှိသည်ကို အရှိလုပ်၍ မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် မြန်မာနိုင်ငံ ပြိုကွဲပျက်စီးစေရန်အတွက် ပြည်တွင်း၌ မိသားစု အချင်းချင်း သွေးခွဲပေးပြီး ပြည်ပမှဖိအားအမျိုးမျိုးပေးကာ ကြံစည်အားထုတ်လုပ်ကိုင်မှုများကို အစဉ် အဆက်တွေ့မြင်ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် တို့သည် ငုပ်လျှိုးမနေဘဲ၊ ညှိုးမှိန်မနေဘဲ အစဉ်အမြဲတက်ကြွ၍ နိုင်ငံကို ထိပါးလာမှုမှန်သမျှကို တွဲလက် ခိုင်မြဲစွာဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် တိုင်းရင်းသားပြည်သူများ၏ တွဲလက်များနှင့် အားမာန်များခိုင်မြဲနေသည်ကို မြင်တွေ့နေပြီ ဖြစ်ပါကြောင်း။