Skip to main content

အဂတိပယ်ခွာ ပြည်သာယာ

“အဂတိလိုက်စားမှု” ဟူသည့် ဝေါဟာရကို ကိုယ်ကျင့်တရားနှင့် ဆက်စပ်၍ နားလည်သဘော ပေါက်ကြသည်။ အဂတိလိုက်စားသူသည် ရိုးသားဖြောင့်မတ်မှုမရှိသူ၊ လောဘကြီးသူ၊ ကိုယ်ချင်း စာစိတ်ကင်းမဲ့သူ၊ ဥပဒေကို လေးစားလိုက်နာခြင်း မရှိသူ အစ ရှိသည်ဖြင့် အကျင့်စာရိတ္တမကောင်းသူ အဖြစ် ရှုမြင်ကြခြင်း ဖြစ်သည်။ သို့ရာတွင် လုပ်ပိုင်ခွင့်အာဏာရရှိထားကြသည့် ဝန်ထမ်းများနှင့် နိုင်ငံရေးသမားများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုမှုများ နေရာဌာန အသီးသီး၊ အဆင့်လွှာအသီးသီးတို့တွင် ခိုင်ခိုင်မာမာရှိနေပြီဆိုပါက အဂတိလိုက်စားမှုသည် ကူးစက်ရောဂါသဖွယ် ပျံ့နှံ့သွားတတ် သည်။ အများမိုးခါးရေ သောက်နေပါက ကိုယ်လည်းမသောက်၍ မရဟူသော ဆင်ခြေကို လက်ကိုင်ထားကာ အဂတိလိုက်စားကြခြင်းပင်ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် အများပြည်သူဝန်ဆောင်မှုပေးသည့် အစိုးရရုံးဌာနများသို့ ဝန်ဆောင်မှုရယူရန် သွားရောက်ကြရသည့် ပြည်သူများအနေဖြင့် လာဘ်ပေးရသည့်ကိစ္စများ၊ မပေးမချင်း ဝန်ဆောင်မှု မရသည့်ကိစ္စများ ကင်းရှင်းစေရန် မျှော်လင့်ထားကြသည်။ မိမိတို့ရယူရသည့် ဝန်ဆောင်မှုအပေါ် လိုက်၍ အဆင့်နိမ့် ဝန်ထမ်းမှသည် အဆင့်မြင့်ရာထူးကြီးဝန်ထမ်းအထိ အဆင့်ဆင့် လာဘ်ပေး ကြရခြင်းက လက်ရှိနိုင်ငံကို တာဝန်ယူထားရသည့် အစိုးရအပေါ် ပြည်သူလူထု၏အမြင်နှင့်စပ်လျဉ်း၍ ကြီးစွာသော သက်ရောက်မှုရှိသည်။ သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အဂတိလိုက်စားမှုတို့အကြား ဆက်နွှယ်မှုသည် ပြောင်းပြန်အချိုးဖြင့် သက်ရောက်သည့်အတွက် အစိုးရတိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကြိုးပမ်းလုပ်ဆောင် ကြရခြင်းဖြစ်သည်။

အဂတိလိုက်စားမှုကို လုပ်ပိုင်ခွင့်အလွဲသုံးစားပြုသည့် ကိုယ်ကျိုးရှာမှုအဖြစ်သာ ရှုမြင်ပါက အပေါ်ယံ အမြင်မျှသာဖြစ်၍ ပြည့်စုံစွာ မြင်တွေ့နိုင်မည်မဟုတ်ပေ။ နေရာဌာနအသီးသီးတို့ တွင် အဂတိ လိုက်စားမှုများက နိုင်ငံနှင့်တကွ နိုင်ငံသူနိုင်ငံသား များအား ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ဟန့်တား စေသည့်အပြင် နိမ့်ကျသည့် အခြေအနေဆီသို့ပါ ဆွဲချသွားစေနိုင်သည်။ ဥပမာ အားဖြင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး၊ အိမ်ရာတည်ဆောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သောက်သုံးရေရရှိရေး၊ တရားဥပဒေ စိုးမိုးရေး စသည့်ကဏ္ဍများတွင် အဂတိလိုက်စားမှုများ ရှိနေမည်ဆိုပါက ဖြစ်ပေါ်လာမည့် အခြေအနေများကို စဉ်းစားကြည့်နိုင်သည်။ နိုင်ငံရေးနှင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ် နေသည့် ကဏ္ဍများတွင်ပါ အဂတိလိုက်စားမှုနှင့် ဆက်စပ်နေ မည်ဆိုပါက ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆိုသည့် စကားပုံ ကဲ့သို့ပင် အကြောင်းနှင့်အကျိုး ဆက်စပ်မှုများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနိမ့်ကျနေရခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခြင်းစသည့် အကျိုးရလဒ်များဆီသို့ ဦးတည်နေစေကြောင်း တွေ့မြင် ရမည်ဟု ယုံကြည်မိသည်။

အဂတိလိုက်စားမှုများ ပျံ့နှံ့နေမည်ဆိုပါက အစိုးရအဖွဲ့ အစည်းများနှင့်တကွ လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်သိက္ခာအပေါ် တန်ဖိုးထားမှုများကိုပါ ပြည်သူလူထုက ယုံကြည်မှုကင်းမဲ့ လာတတ်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရနှင့် ပြည်သူပူးပေါင်းမှု အားကောင်းရန် လိုအပ်သော်လည်း အစိုးရ အဖွဲ့အစည်းများအပေါ်တွင် ယုံကြည်မှုမရှိပါက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ရရှိနိုင်မည် မဟုတ်သည့်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို နယ်ပယ်အသီးသီး၊ အလွှာအသီးသီးတို့တွင် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းဖြင့် အဂတိပယ်ခွာ ပြည်သာယာနိုင်ပါစေကြောင်း။