မန္တလေး မတ် ၂
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့နှင့်အတူ မန္တလေးတောင်တော် စိမ်းလန်းစိုပြည်ရေးနှင့် ဘက်စုံမွမ်းမံပြုပြင်ရေးအတွက် ယနေ့နံနက်ပိုင်းက မဟာလောကမာရဇိန်ကုသိုလ်တော်ဂေါပကရုံးတွင် ဂေါကပဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ မန္တလေးတောင်တော် ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဂေါပကအဖွဲ့ဝင်များအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတောင်တော်တွင် ရသေ့ကြီး ဦးခန္တီ တည်ထောင်ခဲ့သည့် ဦးခန္တီဧည့်ခံမဏ္ဍပ်(ဗြန့်ကြီး) အဆောက်အအုံအား ပြန်လည်မွမ်းမံပြင်ဆင်ရေး၊ တောင်ပတ်လည်ရှိ တောင်အတက်အဆင်း စောင်းတန်းများ အပိုင်းလိုက် ပြုပြင်မွမ်းမံဆောင်ရွက်ရေး၊ မန္တလေးတောင်တော် ဆုတောင်းပြည့် ဘုရားစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး၊ တောင်စိမ်းလန်းစိုပြည်ရေးအတွက် နှစ်ရှည်ပင်များ စိုက်ပျိုးရေး၊ တောင်အတက်အဆင်းနှင့် မြေလွတ်နေရာများတွင် ဒေသနှင့် ကိုက်ညီမည့် နှစ်ရှည်ပင်နှင့် ရာသီပန်းအလှပင်များ စိုက်ပျိုးသွားရေး၊ မီးဘေးအန္တရာယ် အထူးဂရုစိုက်ဆောင်ရွက်ရေး၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင် အလေအလွင့်မရှိစေရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရေး၊ လျှပ်စစ်မီး အချိန်ပိုင်းအလိုက် ချွေတာသုံးစွဲရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် သန့်ရှင်းရေးမှအစ အလေးထား ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်တက်ကားလမ်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်မည့် နေရာများ၊ စောင်းတန်းများ ပြုပြင်မည့်အခြေအနေ၊ ဦးခန္တီမဏ္ဍပ် (ဗြန့်ကြီး) အဆောက်အအုံအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြပြီးနောက် ဆုတောင်းပြည့်ဘုရားအား ဖူးမြော်ကြည်ညိုကာ အလှူငွေများ လှူဒါန်းသည်။
မန္တလေးတောင်ပေါ်ရှိ ဦးခန္တီဧည့်ခံမဏ္ဍပ် (ဗြန့်ကြီး) အဆောက်အအုံ အကျယ်အဝန်းမှာ တောင်၊ မြောက် ၃၀၁ ပေ၊ အရှေ့အနောက် ၁၈၃ ဒသမ ၇ ပေ၊ တောင်ဘက်အမြင့် ၉၈ ဒသမ၄ ပေ၊ မြောက်ဘက်အမြင့် ၈၂ ပေရှိကြောင်း၊ အဆောက်အအုံအား ရသေ့ကြီးဦးခန္တီ ၁၂၆၉ ခုနှစ် တပို့တွဲလတွင် မန္တလေးတောင်ပေါ်သို့ ကြွရောက်တော်မူလာပြီး မီးခထားသော မန္တလေးတောင်ကို ပြုပြင်စဉ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံအား ပြုပြင်ရန်အတွက် အောက်ခံအဆောက်အအုံ၏ အုတ်မြစ်ခိုင်ခံ့မှု အခြေအနေများ၊ သံတိုင်များ၏ ကြံ့ခိုင်သိပ်သည်းမှု အခြေအနေများကို မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (အထက်မြန်မာပြည်) တို့မှ ပညာရှင်များ အကူအညီဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အဆောက်အအုံမှာ ကြံ့ခိုင်မှုအားနည်းလာသည့်အတွက် ပြန်လည်ပြုပြင်မွမ်းမံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်