Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ နှင့် မိုင်တိုင် အမှတ် ၂၆၀ အကြားတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ နှင့် မိုင်တိုင်အမှတ် ၂၆၀ အကြားတွင် ဆောင်ရွက်လျက်ရှိသည့် မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုနှင့် တာဝန်ရှိသူများက မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ၃၀ ဒသမ ၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှု၊ ကြိုးဆွဲခြင်းလုပ်ငန်းများကို မိတ္ထီလာဘက်အပိုင်းနှင့် တောင်ငူဘက်အပိုင်း ကြိုးဆွဲအဖွဲ့သုံးဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရရှိသည့်ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ဂရုပြုဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံ တစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးတက်လာမည့်ဓာတ်အားကို နှစ်အလိုက် လိုအပ်ချက်များအတိုင်း ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး ရေတိုရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေတွင် ၂၃၀ ကေဗွီဗို့အား အဆင့်ဖြင့်သာ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနေရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှုများပြားခြင်း၊ ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နေသည့်အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများကို  ပင်မကျောရိုး ဓာတ်အားလိုင်း (Back Bone) အနေဖြင့် တည်ဆောက်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်