Skip to main content

ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့အတွက်သွားပြီး အောင်မြင်အောင် ကြိုးစားတဲ့အတွက် ဂုဏ်ယူပါတယ် (ဦးသက်ထွန်း)

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICU)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဟန်းရှင်လူပြည်သူများက ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

လာရောက်ကြိုဆိုကြသည့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအသင်းအဖွဲ့နှင့် ပြည်သူများအား တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားတင်ပြလိုက်ရပါသည်။

ဦးသက်ထွန်း (CEC အဖွဲ့ဝင်၊အမျိုးသားတိုးတက်ရေးပါတီ)

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့အဖွဲ့ကို လာရောက်ကြိုဆိုတာပါ။ ကျွန်တော်တို့ ပါတီက CEC သုံးဦးလာကြိုပါတယ်၊ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့အတွက်သွားပြီး အောင်မြင်အောင် ကြိုးစားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော်တို့နိုင်ငံကို မတရားစွပ်စွဲထားတာကို သွားဖြေရှင်းဖို့လိုတယ်၊ မဖြေရှင်းရင် ပိုဆိုးသွားမယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံကို တရားစွဲခွင့်မရှိပါဘူး၊ တရားစွဲခွင့်မရှိတာကို တရားစွဲတဲ့အတွက် တရားစွဲခွင့်မရှိဘူးဆိုတာ သွားဖြေရှင်းတယ်လို့မြင်တယ်။ ကျွန်တော်တို့နိုင်ငံ ရေရှည်တည်တံ့ဖို့ လုပ်တာအတွက်လည်း ဂုဏ်ယူပါတယ်၊ နောက်လည်း ဒီလိုပြဿနာမျိုးမဖြစ်အောင် ကြိုးစားကာကွယ်ထားတယ်လို့ မြင်ပါတယ်။

ဒေါ်ဝင်းမိစံ

ကျွန်မက ဆိပ်ကြီးခနောင်တိုမြို့နယ်က လာတာပါ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်က ကျွန်မအပါအဝင် ၅၀ ကျော် လာရောက်ကြိုဆိုတာပါ။ ကျွန်မတို့ မြန်မာနိုင်ငံအတွက် တကယ့်ကို ဝမ်းသာစရာပါ။ ဒါတွေက အမှန်တရားတွေပါပဲ။ ဒီလိုအမှန်တရားကို ကျွန်မတို့ပြည်သူတွေ အကုန်လုံး သိစေချင်တယ်၊ တချို့တလေ အမှန်တရားကိုမသိတဲ့ သူတွေ ရှိနေသေးတယ်၊ ကျွန်မတို့ မြန်မာပြည်အတွက် သိပ်အရေးကြီးတဲ့ အမှန်တရားတွေကို ပြည်သူတွေအကုန်လုံးကို သိစေချင်တယ်၊ ICJ မှာ တရားစွဲဆိုတာ မလုပ်သင့်ဘူးလို့လည်းမြင်တယ်။

ဦးထိန်လင်း(တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA))

ICJ မှာ ကိုယ့်မြန်မာဂုဏ်ကိုဆောင်ဖို့နဲ့ တိုင်းပြည်အတွက်လည်း သွားခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့အဖွဲ့ကနေ လူအင်အား ၁၅၀ နဲ့ လာရောက်ဂုဏ်ပြုကြိုဆိုတာ ဖြစ်ပါတယ်။ မြန်မာ့အသံအပါအဝင် နိုင်ငံပိုင်သတင်းစာတွေမှာ ICJ နဲ့ပတ်သက်ပြီး သွားရောက်ချေပကြတဲ့ သတင်းတွေအပေါ် ကျေနပ်အားရပါတယ်၊ ကိုယ့်တိုင်းပြည်အတွက်လည်း အခြေအမြစ်ကျကျ ဥပဒေအရကိုက ICJ မှာ တရားစွဲခွင့်မရှိဘူးဆိုတာကို စနစ်တကျ အမှန်အတိုင်းတင်ပြပြီး လျှောက်လဲတာကို အားရတယ်၊ ICJ က သမာသမတ်ကျတဲ့ ခုံသမာဓိလူကြီးများကလည်း အကောင်းဆုံး၊ သမာသမတ်အကျဆုံး ဆုံးဖြတ်မယ်လို့လည်း ယုံကြည်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့လည်း တက်ညီလက်ညီ တိုင်းပြည်အတွက် ဆောင်ရွက်နေတာကို ဝမ်းလည်းသာတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာ လူမျိုးဘာသာ အယူအဆနိုင်ငံရေး ဘယ်လိုပဲကွဲပြားနေပါစေ တိုင်းပြည်တစ်ပြည်လုံးအပေါ်ကို ကျရောက်လာတဲ့ ကိစ္စဖြစ်တဲ့အတွက် ညီညီညွတ်ညွတ်နဲ့ ပြန်လည်ချေပနေသူအားလုံးကို အားပေးသင့်ကြောင်း၊ ကြိုဆိုသင့်ကြောင်း၊ တိုက်တွန်းချင်ပါတယ်။

ဒေါ်ရွှေမမ

ကျွန်မတို့က လှည်းကူးမြို့နယ်ကနေ လာတာပါ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့အဖွဲ့ ICJ မှာသွားရောက်ဖြေရှင်းတဲ့ကိစ္စကို ကျွန်မတို့က မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ လာရောက်ထောက်ခံ ကြိုဆိုခြင်း ဖြစ်ပါတယ်၊ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတာ မဖြစ်သင့်ဘူး၊ တကယ်နစ်နာတာက သူတို့ဂမ်ဘီယာနိုင်ငံ မဟုတ်ဘူး၊ ကျွန်မတို့မြန်မာနိုင်ငံက နစ်နာတာပါ။ တကယ်အသတ်ခံရတာက ကျွန်မတို့ တိုင်းရင်းသားတွေ အသတ်ခံရတာပါ။ ဒီဟာကို သူတို့က ပြောင်းပြန်လှန်ပြီး ဘင်္ဂါလီအသတ်ခံရပါတယ်ဆိုပြီး တရားစွဲတာ၊ အဲ့ဒါမတရားဘူး၊ အဲ့ဒီအတွက် ကျွန်မတို့က မကျေနပ်ဘူး၊ ဒီကိစ္စကို သွားရောက်ဖြေရှင်းပေးတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို ကြိုဆိုတာပါ၊ ဂုဏ်လဲယူတယ်၊ ဦးကိုကိုလှိုင်တို့ ဖြေရှင်းတဲ့အချက်ထဲမှာ မြန်မာနိုင်ငံကို တရားစွဲလို့မရဘူးဆိုတဲ့အချက်ရယ်၊ ICJ ကနေ လက်ခံပြီး ကြားနာခွင့်မရှိဘူးဆိုတဲ့ အချက်နှစ်ချက်က အားရစရာ ကောင်းတယ်၊ အဲ့ဒီအတွက် ဦးကိုကိုလှိုင်တို့အဖွဲ့ကို ကျေးဇူးတင်လွန်းလို့ ပြည်သူတစ်ယောက်အနေနဲ့ လာရောက်ကြိုဆို ခြင်းဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း-ကိုသိုက်

ဓာတ်ပုံ-ကိုကိုဇော်၊ မိုးမိုး