နေပြည်တော် မတ် ၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း တရားမဝင်သစ်မျိုးစုံ ၁ဝ ဒသမ ၂၉၈၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၇၉,၆၅၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ် သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁,၁၇၉,၆၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များအတွင်း တရားမဝင် တောင်သရက်ခွဲသား ၈ ဒသမ ၈၃၈၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၈,၇၀၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော တရားမဝင် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၇၉၆,၆၁၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ ရန်ကုန်-မြဝတီလမ်းမကြီး ရှောင်ကွင်းလမ်းတစ်နေရာ၌ စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့မော်တော်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၀၀,၀၀၀)ကို လည်းကောင်း၊ စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ မြ၀တီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်မီးဖိုများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၁၃၃,၆၀၀ ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၆၃၃,၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူပင် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် တရားမဝင်စိုက်ပျိုးရေးသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် အားကစားပစ္စည်းများနှင့် လက်ကိုင်ဖုန်းအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၆၁,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၆၁,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတားထိပ်တွင် ခရီးသည်ယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် စားသောက်ကုန်ပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၆၅၀,၀၀၀)ကို လည်းကောင်း၊ ကျိုက်မရောမြို့ သွေးသောက်ကျေးရွာအနီး လမ်းဘေးတွင် စုပုံထားသော ပိုင်ရှင်မဲ့တရားမဝင် စားသောက်ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၇၀,၀၀၀ ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၂၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောအဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀ နှင့် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀,၀၀၀)ကို လည်းကောင်း၊ ခန္တီးမြို့နယ်အတွင်း တရားမဝင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးသည့်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၇၀,၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၄၂၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်။ ၂၈ ရက်နှင့် မတ် ၁ ရက်၊ ၂ ရက် တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၅၀၉,၅၆၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
သတင်းစဉ်