နေပြည်တော် မတ် ၂
မတ် ၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အင်ဂျင်နီယာများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်နှင့် ဦးရင်မောင်ညွန့်၊ ဌာနအကြီးအကဲများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူ အရာထမ်း/ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက် အမှာစကားနှင့် ကမ္ဘာ့အင်ဂျင်နီယာများနေ့ အထိမ်းအမှတ် Video Clip ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာကြီးစဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးကို ရည်ရွယ်လျက် မတ် ၄ ရက်ကို ကမ္ဘာ့အင်ဂျင်နီယာများနေ့ (World Engineering Day) အဖြစ် ၂၀၁၉ ခုနှစ်မှစတင်၍ သတ်မှတ်ခဲ့ပါကြောင်း၊ ယူနက်စကိုမှလည်း ၂၀၁၉ ခုနှစ်၌ ကျင်းပသည့် အကြိမ် (၄၀)မြောက် အထွေထွေညီလာခံတွင် အတည်ပြု ဖော်ပြခဲ့ပါကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့အင်ဂျင်နီယာများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ်မှစပြီး မတ် (၄)ရက်တွင် ကမ္ဘာအနှံ့ ကျင်းပခဲ့ကြောင်း။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စေရန် အထူးလုပ်ဆောင်ရမည့် ကိစ္စများသာမက နိုင်ငံတိုင်းတွင် ရာသီဥတု ပြောင်းလဲမှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ လူဦးရေ ထူထပ်လာနေသော မြို့များနှင့် ဉာဏ်ရည်တုအပါအဝင် ပေါ်ပေါက်လာသော နည်းပညာများ၏ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများအနေဖြင့် လုပ်ဆောင်ရမည့် အရာများ များပြားစွာ ရှိနေပါကြောင်း။
၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အင်ဂျင်နီယာများနေ့၏ ဆောင်ပုဒ်မှာ “ဉာဏ်ပညာကို ပိုသုံးလို့ အနာဂတ် အင်ဂျင်နီယာလုပ်ငန်းနှင့် ပညာရပ်တည်ဆောက်စို့” ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ဆောင်ပုဒ်တစ်ခုဖြစ်သည့် သဘာဝသယံဇာတဟူသည် အကန့်အသတ်နှင့်ရှိပြီး လူများ၏ တီထွင်ဖန်တီးမှုများသည် အကန့်အသတ်မရှိပါဆိုသော အချက်ကို ပိုမိုခိုင်မာစေသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ရှေ့လာမည့်အနာဂတ်တွင် စိန်ခေါ်မှုများစွာ ရှိသည်မှန်သော်လည်း ဉာဏ်ပညာကို ပိုမိုအသုံးပြုသော တီထွင်ဖန်တီးမှုများကို ပြုလုပ်ပြီး ခိုင်မာသည့်ဆုံးဖြတ်ချက်၊ ကြိုးစားအားထုတ်မှုများနှင့် ဆောင်ရွက်သွားမည်ဆိုလျှင် မိမိတို့ရည်မှန်းထားသည့် ရည်ရွယ်ချက်၊ ပန်းတိုင်များကို မလွဲမသွေ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများ၊ စက်မှုကျွမ်းကျင်များအနေဖြင့် ပိုမိုအကျိုးရှိ ထိရောက်သည့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် စက်မှုကဏ္ဍကို မြှင့်တင်နိုင်ရန်၊ တစ်ချိန်တည်း၌ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် ကြိုးစားရင်း ပိုမိုကောင်းမွန်သည့် အနာဂတ်ကို အတူတကွ ဖန်တီးကြရန် တိုက်တွန်းလိုကြောင်း၊ အားလုံးကျန်းမာစွာနှင့် ပြောင်းလဲနေသည့် ကမ္ဘာကြီးကို ရင်ဘောင်တန်းနိုင်ရန် မိမိတို့နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးတွင် ပါဝင်နိုင်ကြရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် “စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ရှေးရှုသည့် အသိပညာ မြင့်မားလာသော အနာဂတ်အင်ဂျင်နီယာ ပညာရပ်” ခေါင်းစဉ်ဖြင့် အသိပညာပေး မျှဝေဆွေးနွေးပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်