နေပြည်တော် မတ် ၂
(၄၁)ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (41st Meeting of the High-level Task Force on ASEAN Economic Integration -HLTF-EI ) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန ဝန်ကြီး၏ နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အထူးအကြံပေး Mr. Rizal Affandi Lukman ကဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၊ အာဆီယံ ဘက်စုံပြန်လည်ထူထောင်ရေး မူဘောင် အကောင်အထည်ဖော်မှု၏ တိုးတက်မှု၊ စတုတ္ထ စက်မှုအသွင်ပြောင်းလဲမှုဆိုင်ရာ ပေါင်းစည်းမှုမဟာဗျူဟာ အကောင်အထည်ဖော်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး ပေါင်းစည်းမှုအရှိန် မြှင့်တင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် ဘန်ဒါဆီရီ ဘီဂါဝန်လမ်းပြမြေပုံ အကောင်အထည်ဖော်မှုနှင့် အာဆီယံ၏ လက်ရှိဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်အပေါ် ပိုမိုခိုင်မာ ကျယ်ပြန့်အောင် ဆောင်ရွက်ရေး လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှု၊ ကာဗွန်လျော့ချရေးဆိုင်ရာ အာဆီယံမဟာဗျုဟာ ရေးဆွဲရေးအတွက် သဘောတရား စာတမ်းအပေါ် အမြင်ချင်းဖလှယ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အစည်းအဝေး၌ ၂၀၂၅ အလွန် အာဆီယံမျှော်မှန်းချက် ရေးဆွဲဆောင်ရွက်မှု၊ အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံ ၂၀၂၅ ကာလလယ်သုံးသပ်ချက်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အာဆီယံ၏ ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့် (၂၈)ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများသီးသန့် အစည်းအဝေးသို့ တင်ပြမည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာတို့ကိုလည်း ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ၂၀၂၂ ခုနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများမှာ အာဆီယံနိုင်ငံအားလုံးအတွက် လက်ရှိနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်တွေ့အသုံးချနိုင်မည်ဖြစ်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ထို့ပြင် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှုတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအခြေအနေနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှုတွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ထည့်သွင်းစဉ်းစား၍ လက်လှမ်းမီပြီး လက်တွေ့ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံ၏ စီးပွားရေး ပေါင်းစည်းမှုကို ပိုမိုတိုးမြှင့်နိုင်မည့် ကိစ္စရပ်များ၊ အာဆီယံတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်သစ်များနှင့် လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် စီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်များ၏ ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေး ဝန်ကြီးများထံ အကြံပြုချက်များ တင်ပြခြင်းနှင့် အာဆီယံအသိုက်အဝန်း၏ ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင်ရွက်သင့်သည်များကို အာဆီယံစီးပွားရေးမဏ္ဍိုင်၏ အကြံပေးအဖွဲ့အဖြစ် ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်