နေပြည်တော် မတ် ၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ နီလာခန်းမမှ ထိုင်းနိုင်ငံ၊ Kasetsart University မှကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့ပါဝင်သော CLMVT Forum ၏ အကျိုးကျေးဇူးများနှင့် ဖိုရမ်များ ဆက်လက်ကျင်းပရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက CLMVT Forum သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြိုးစားအားထုတ်မှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ဖိုရမ်သည် CLMVT နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ဆောင်ချက် တစ်ခုသာမက အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များထံမှ အကြံပြုချက်များ၊ ပညာရပ်များနှင့် အမြင်များမှတစ်ဆင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပါကြောင်း၊ ထို့အပြင် CLMVT နိုင်ငံများအကြား ကိုဗစ်−၁၉ ကပ်ရောဂါအလွန် တွေ့ကြုံရမည့် အခြေအနေများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာများကို လေ့လာသုံးသပ် ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
ခရီးသွားလုပ်ငန်းသည် CLMVT နိုင်ငံများအတွက် သာမက နိုင်ငံတကာတွင် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးပြုသော အဓိကအရေးပါသည့် လုပ်ငန်းကဏ္ဍများအနက် တစ်ခုပင်ဖြစ်ပါကြောင်း၊ ဖိုရမ်ကထွက်ပေါ်လာသော ရလဒ်များက CLMVT နိုင်ငံများအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောင်အထည်ဖော်ရေးအတွက် ရှင်းလင်းလွယ်ကူသော လမ်းညွှန်ချက်များနှင့် အကြုံပြုချက်များမှတစ်ဆင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရ−ပုဂ္ဂလိက ကဏ္ဍများအတွက် ကိုဗစ်−၁၉ ကပ်ရောဂါကာလနှင့် အလွန်ကာလများတွင် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များနှင့် ဆောင်ရွက်သင့်သော နည်းလမ်းများစသည့် အကျိုးကျေးဇူးများကို ရရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲက နောင်တွင်ကျင်းပမည့် CLMVT Forum အား မြန်မာနိုင်ငံအတွက်သာမက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား အကျိုးဖြစ်ထွန်းပြီး အထောက်အပံ့ဖြစ်သော ဖော်ထုတ်ချက်များ ပေါ်ထွက်လာမည့် ပြီးပြည့်စုံသော ဖိုရမ်တစ်ခုဖြစ်ရေး ကြိုးစားဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ၊ Kasetsart University မှ Dr. Montchai Pinitjitsamut က CLMVT Forum ကျင်းပခဲ့ခြင်းနှင့် ဆက်လက်ကျင်းပရေး၊ အကျိုးကျေးဇူးနှင့် ရလဒ်တို့ကို ဆွေးနွေးတင်ပြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်နှင့် မြန်မာနိုင်ငံမှ တက်ရောက်လာသော ကိုယ်စားလှယ်များက CLMVT Forum တက်ရောက်ခဲ့မှု အတွေ့အကြုံများ၊ ဖိုရမ်မှရရှိခဲ့သည့် အစိုးရ/ ပုဂ္ဂလိက ကဏ္ဍအတွက် အကျိုးကျေးဇူးများ၊ ဖိုရမ်များ အောင်မြင်စွာ ဆက်လက်ကျင်းပပြုလုပ်ရေး ဆောင်ရွက်ပေးစေလိုသည့် အချက်များ၊ ဖိုရမ်အစီအစဉ်များတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ထပ်မံထည့်သွင်းရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်