Skip to main content

လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၄/၂၀၂၂) ဖွင့်လှစ်

နေပြည်တော်    မတ်    ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့  တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း  သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့် သင်တန်းများကို  ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာသင်ကြားပေး လျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့တို့တွင် လည်း ( အထူးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၌ သင်တန်းအပတ်စဉ် (၄/ ၂၀၂၂)ကို ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၃၁ ရက်အထိ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်ကျောင်း ၁၀ ကျောင်းတွင် ဖေဖော်ဝါရီ ၂၅ ရက်အထိသင်တန်းသား သင်တန်းသူ ၅၉၁ ဦးနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သည့် အထူးသင်တန်းများတွင် သင်တန်းသား သင်တန်းသူ ၃၀ စုစုပေါင်း ၆၂၁ ဦး သင်တန်းသား-၃၁ ဦး၊ သင်တန်းသူ- ၅၆၀) တက်ရောက် လျက်ရှိသည်။

အိမ်တွင်းမှုကျောင်းများသို့ လာရောက်ရန် ခက်ခဲသူများအတွက် ရပ်ရွာအခြေပြုအိမ်တွင်းမှု သင်တန်း များကို ရပ်ရွာများသို့ ကွင်းဆင်း၍ လိုက်လံသင်ကြား ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် နေပြည်တော် လယ်ဝေးမြို့နယ်တို့ရှိ ရပ်ကွက်/ကျေးရွာများတွင် ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းများကိုသင်တန်းသူ ၉၅ ဦး ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်တွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း အသီးသီး၌ ကျောင်းအခြေပြုသင်တန်း အပတ်စဉ်(၄)ခုကို သင်တန်းသား သင်တန်းသူ ၁၄၈၈ ဦးဖြင့် လည်းကောင်း၊ ရပ်ရွာအခြေပြု သင်တန်း (၁၈)ကြိမ်ကို သင်တန်းသား သင်တန်းသူ ၃၂၁ ဦးဖြင့် လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်