နေပြည်တော် မတ် ၁
ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသရေမြေနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် စိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍ များအလိုက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန် လိုကြောင်း၊ အထူးသဖြင့် ကမ်းရိုးတန်းဒေသများနှင့် အခြေအနေပေးသည့် နေရာများတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသစိမ်းလန်း စိုပြည်ရေးနှင့် လေကာပင်များအဖြစ် သဘာဝဘေး အကာအကွယ် အတွက်သာမက အုန်းနှင့် အုန်းထွက် ပစ္စည်းထုတ်လုပ်ခြင်းများမှ ဝင်ငွေအကျိုးအမြတ် ရရှိနိုင်သဖြင့် ဒေသခံများ စိုက်ပျိုးလုပ်ကိုင်နိုင်ကြစေရန် အသိပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလားတူ သစ်သီးဝလံ ပန်းမန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေ ချွေတာရေးနည်းလမ်းများနှင့် ခေတ်မီစိုက်ပျိုး မွေးမြူရေးနည်းပညာများ အသုံးပြုနိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက် တွင်လည်း ပြည်သူများအတွက် ဈေးနှုန်းသက်သာပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍများက စနစ်တကျ စီမံဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများက အုန်း စိုက်ပျိုးရေးအတွက် နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီနိုင်ရေးလုပ်ငန်းဆိုင်ရာများ၊ ခေတ်မီပြီး နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူမှု ဖြစ်ပေါ်လာ စေရေး စီမံဆောင်ရွက်နေမှု၊ တစ်နိုင်တစ်ပိုင်လုပ်ငန်း နှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ မတူညီသည့် လိုအပ်ချက်များကို ဘက်စုံ ကဏ္ဍစုံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးမြေများ စနစ်တကျ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ ဖူလုံရေးနှင့် စိုက်ပျိုးရေချွေတာရေး၊ စက်မှုလယ်ယာစနစ်ကို ပီပြင်စွာ အသုံးပြုလုပ်ကိုင်နိုင်ရေး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးသည့်စနစ် ပိုမိုဖွံ့ဖြိုးလာရေး၊ စိုက်ပျိုး ထုတ်လုပ်မှုနှင့် သားငါးမွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဟန်ချက်ညီတိုးတက်ရေးအစီအမံများကို ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်းစီမံကိန်းဧရိယာအတွင်း မိုးစပါး စိုက်ဧက ၁၁ သိန်းကျော် အပါအဝင် နွေ၊ မိုး၊ ဆောင်း သီးနှံစုံ စိုက်ဧရိယာ စုစုပေါင်း ၁၉၇၂၆၁၉ ဧက ရှိကြောင်း၊ စီမံကိန်းဧရိယာအတွင်းရှိ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ခေတ်မီနည်းပညာများကို ထိရောက်စွာ အသုံးပြုလုပ်ကိုင်နိုင်ကြစေရန်၊ သီးနှံ သားငါးထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသနေ ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်လာစေရန်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်