နေပြည်တော် မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက် သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိ ပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များအတွင်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း ထပ်မံသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေး ကျေးရွာ၏ တောင်ဘက်မှ ချဉ်းကပ်ခဲ့ရာ ကျေးရွာတွင်း ရောက်ရှိခိုအောင်းနေသည့် အကြမ်းဖက်သမားများနှင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွား ခဲ့ပြီး အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ်ဝိုက်အား အသေးစိတ်စစ်ဆေးခဲ့ရာ လက်လုပ်သေနတ် မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ အမ်-၂၂ ကျည် ၁၀၈ တောင့်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၆၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၆ လုံးနှင့် မိုင်းနှင့်လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လမ်းလျှောက် စကားပြောစက် ၃ လုံး၊ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၃ ထည်၊ PDF လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၁ စုံ နှင့် ဆေးမျိုးစုံ ၂ ဖာ တို့အား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူး လွန်ရာရောက်ပြီး အဆိုပါရာ ဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုနှိမ်နှင်းရေး လုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။