နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ် ၂၀၁၇ ခုနှစ်အတွင်း ကာလပေါက်ဈေး ငွေကျပ် ၆၅ သန်း ကျော် တန်ဖိုးရှိသည့် နိုင်ငံတော်ပိုင် (အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ) မြေကွက်လပ်အား နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်ရရှိမှုကို အကြောင်းပြု၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ပေးအပ်ခဲ့ပြီး အဆိုပါမြေနေရာအား ပြန်လည်အလှူခံရယူခဲ့ခြင်း။
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်လင်လေးနှင့် နန်းမယ်ခုံရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန LED Board နှင့် Transformer တည်ဆောက်ခြင်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ တည် ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင်မြင်သောကုမ္ပဏီထံမှ ပေးအပ်သည့် စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လွိုင်ကော်မြို့တွင်းလမ်း Platform ဆောင်ရွက်ခြင်းလုပ်ငန်း၊ Slab Culvert တည်ဆောက်ခြင်း လုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ရုံးသစ်နှစ်ထပ် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ပေးအပ်သည့် စုစုပေါင်းငွေကျပ် ၈၂ သိန်းကို လည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဧည့်ရိပ်သာတို့အား လျှပ်စစ်မီးအလှဆင်ခြင်းနှင့် လွိုင်ကော်လေဆိပ် CCTV တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်ခြင်း မပြုသဖြင့် နိုင်ငံတော်ကရရှိမည့် အခွန်အခနှင့် နိုင်ငံတော် ငွေကြေးသက်သာခွင့်များ နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဌေးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၇ ရက်၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အခြားသော စစ်ဆေးပေါ်ပေါက်ချက်များအရ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအတွက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၀၄၀ ဖြင့် တင်ဒါခေါ်ယူဝယ်ယူခဲ့သည့် ကယားပြည်နယ် အစိုးရအဖွဲ့ပိုင် စက်ယန္တရား ၁၈ စီး၏ ငှားရမ်းခရငွေများအား ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို က ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလတွင် စက်ယန္တရားငှားရမ်းခရငွေ ငွေကျပ် ၃၁၁ သန်း ကျော်ထဲမှ ငွေကျပ် ၂၃၄ သန်းကျော်ကို ဌာနဆိုင်ရာ ငွေစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ၎င်း၏ အကျိုးစီးပွားအတွက် သုံးစွဲခဲ့ခြင်း၊ ကယား ပြည်နယ်နေ့ အခမ်းအနားကျင်းပသည့် အစိုးရမြေနေရာ (ကယားဒေးကွင်း) အား တင်ဒါခေါ်ယူခြင်းမပြုဘဲ ကုမ္ပဏီတစ်ခုသို့ မြေငှားရမ်း ခွင့်ပြုခဲ့ခြင်းတို့နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်