မြန်မာနိုင်ငံသည် တောင်တန်းမြေပြန့်လျှိုမြောင်ချိုင့်ဝှမ်းများ ပေါများသည့် နိုင်ငံဖြစ်သည်။ မြန်မာပြည်၏ မြောက်ဖျားနှင့် တစ်ဖက်တစ်ချက်တွင် မြင့်မားသော တောင်တန်းကြီးများ ကာဆီးထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တောင်ပေါ် မြေပြန့်ဒေသအနှံ့တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နယ်မြေအလိုက်၊ မျိုးနွယ်စုအလိုက် အစဉ်အဆက်နေထိုင်လျက်ရှိသည်။
မြေပြန့်ဒေသရှိမြို့ကြီးများမှာ မီးရောင်ထိန်ထိန်လင်း၍ ဖွံ့ဖြိုးနေသော်လည်း အလွန်ဝေးလံသော တောင်တန်းဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေဆဲ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းက အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီး အခြားအကြောင်းရင်းများလည်းရှိသည်။ ဥပမာအားဖြင့် ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း၊ စိုက်ပျိုးမြေရှားပါးခြင်း စသည့်အခက်အခဲများရှိပြီး သစ်တောနှင့် သဘာဝသယံဇာတထွက်ရှိမှုမှာလည်း နည်းပါးသည်။
အလားတူပင် ကယားပြည်နယ်သည် သဘာဝသယံဇာတ အနည်းငယ်ထွက်ရှိသော်လည်း လူနေကျဲပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် အခြားပြည်နယ် များနှင့်နှိုင်းစာလျှင် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည်။ ကရင်ပြည်နယ်သည်လည်း အချို့ဒေသများတွင် တောတောင် ထူထပ်သဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် လိုအပ်ချက်များရှိနေသည်။ အခြားအဓိက အခက်အခဲတစ်ခုမှာ ပြည်နယ်အချို့၌ ငြိမ်းချမ်းမှုအပြည့်အဝမရရှိသေးခြင်းဖြစ်သည်။ ဒေသမငြိမ်းချမ်းလျှင် တိုးတက်ရေးဆောင်ရွက်လိုသော်လည်း အခက်အခဲများရှိသည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ အားလုံးသည် မိသားစုဝင်များ ဖြစ်သည်။ မိသားစုဝင်များအချင်းချင်း တောင်တန်းတွင်နေထိုင်ကြသော မိသားစုများမှာ ဖွံ့ဖြိုးမှုနောက်ကျပြီး မြေပြန့်တွင်နေထိုင်ကြသောမိသားစုများမှာ ဖွံ့ဖြိုးနေသည့် ကွာဟချက်ကို ကျဉ်းမြောင်းလာအောင် ကြိုးစားကြရမည်ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရများက တောင်တန်းဒေသများ၌ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့သည်။ အမှန်တွင်မူ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့်ဆိုခြင်းမှာ အကြောင်းအချက်တစ်ခုသာဖြစ်သည်။
အမှန်တကယ်တွင် ဒေသတည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်ကြပါလျှင် လမ်းပန်း ဆက်သွယ်ရေးကို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပေသည်။ အိမ်နီးချင်းနိုင်ငံအချို့တွင် တောင်ပေါ်ဒေသများ၌ ဖွံ့ဖြိုးတိုးတက်နေသော မြို့ကြီးများကို တွေ့နိုင်ပေသည်။ ထိုဒေသများတွင် တည်ငြိမ်အေးချမ်းပြီး စိတ်ဝမ်းကွဲပြားမှုမရှိဘဲ ညီညီညွတ်ညွတ်နေထိုင်ကြသဖြင့် ရေခံမြေခံမကောင်းသည့်တိုင်အောင် မိမိတို့ဒေသကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နိုင်ကြသည်။ ထိုဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်နေသည်။ ထို့ကြောင့် ဒေသတည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်ခြင်းသည် အဓိကကျသည့် အချက်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းသော်လည်း ငြိမ်းချမ်းမှုမရှိပါက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အဘက်ဘက်တွင် အခက်အခဲများရှိသည်။
နိုင်ငံတော်အစိုးရသည် ပြည်နယ်များကို အထူးဦးစားပေး၍ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တိုင်းချစ်၊ ပြည်ချစ်၊ မိမိဒေသကို ချစ်မြတ်နိုးသောစိတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူသည့်အချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ရေခံမြေခံကောင်းမွန်သဖြင့် ဒေသအလိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါက နိုင်ငံတစ်ဝန်းလုံး အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း တိုင်းပြည်သာယာဝပြေရေးကို အမျိုးသားရေးရည်မှန်းချက်အဖြစ် အလေးထား၍ ထိရောက်စွာ ဦးစားပေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
အခြားအရေးကြီးသောအချက်မှာ ပညာရေးဖြစ်သည်။ ပညာရေးအားနည်းသောကြောင့် ပြည်နယ်များတွင် လူ့စွမ်းအားအရင်းအမြစ်နည်းပါးပြီး မိမိဒေသကို မိမိတို့ဖွံ့ဖြိုးအောင် မဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ နိုင်ငံတော်က ပြည်နယ်များဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်ချိန်တွင် ဒေသငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတွင် အားလုံးအတူတကွ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။