တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်သည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးတို့ အတွက် ရည်ရွယ်၍ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို နောက်ထပ် ၁၀ လတိတိ တိုးမြှင့်ရပ်စဲပေးလိုက်ခြင်းလည်းဖြစ်ရာ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်မှုများ မရှိပါက ယင်းနယ်မြေဒေသများတွင် သေနတ်သံ၊ ဗုံးသံများနှင့် အနိဋ္ဌာရုံမြင်ကွင်းများ ပကတိကင်းစင် နေလိမ့်မည်ဖြစ်သည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်သွားရန် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက မျှော်မှန်းထားကြခြင်းဖြစ်ရာ ယင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကို ဦးစွာတည်ဆောက်ကြရမှာ ဖြစ်သည်။ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည့် အတွက် မတူကွဲပြားသူများ အတူတကွနေထိုင်နေကြခြင်းပင် ဖြစ်သည်။ မတူကွဲပြားမှုများကို အသိအမှတ်ပြုခြင်းနှင့်အတူ အပြန်အလှန်လေးစားမှု၊ ယုံကြည်နားလည်မှု၊ ရင်းနှီးချစ်ခင်မှုနှင့် မိသားစုအတွင်းမှ သံယောဇဉ်တရားတို့ဖြင့် ညီညွတ်စွာ ပေါင်းစည်းနေထိုင်ကြရမှာဖြစ်သည်။ ယင်းသို့နေထိုင်နိုင်မှသာလျှင် ငြိမ်းချမ်းမှုရရှိနိုင်မှာဖြစ်ပြီး သာယာဝပြောသော၊ တည်ငြိမ် အေးချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်များ၊ ဒေသများ ဖြစ်လာအောင် တည်ဆောက်နိုင်မှာဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံး တောင်ပေါ်မြေပြန့်နယ်စွန်နယ်ဖျားမကျန် အေးချမ်းသာယာမှသာ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တစိုက်မတ်မတ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် နေထိုင်ကြရာ ကိုယ့်လူမျိုး၊ ကိုယ့်အဖွဲ့ အစည်း၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်တစ်ခုတည်းအတွက်ကိုသာ ကြည့်မည်ဆိုပါက ကျဉ်းမြောင်းသည့် လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲ၊ ဒေသစွဲတို့ကို ဖြစ်ပေါ်စေပြီး အပြန်အလှန်အားဖြင့်လည်း ခွဲခြားသည့်အမြင်များ၊ သံသယစိတ်များသာ ဖြစ်တည်လာမည်ဖြစ်သည်။ ၁၃၅ မျိုးသော လူမျိုးစုများအတွင်း လူဦးရေအရ မတူညီကြသကဲ့သို့ ပျံ့နှံ့နေထိုင်မှုများ၊ ရောနှောနေထိုင်မှုများ၊ ပေါင်းစည်းနေထိုင်မှုများ နိုင်ငံတစ်ဝန်းလုံး၌ ရှိနေသည့်အတွက် လူမျိုးကြီး၊ လူငယ် အစရှိသော အမြင်များ၊ အယူဝါဒများကို ဖယ်ရှားစွန့်ပစ်ကြရန်နှင့် ပြည်ထောင်စုနိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်ကို တစ်စိတ်တည်း တစ်ဝမ်းတည်း မွေးမြူထားကြရန် လိုအပ်သည်။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်”ဟူ၍ မူဝါဒချမှတ်ထားရာ တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ကို အထင်အရှားတွေ့ မြင်ရ မည်ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားချက်၊ ပြင်းပြသော ဆန္ဒမှာလည်း ငြိမ်းချမ်းရေးပင်ဖြစ်ရာ ထာဝရငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်စွမ်းရှိသူအားလုံးတို့က စုပေါင်းညီညွတ်စွာ ဖန်တီးပေးခြင်းဖြင့် သမိုင်းမော်ကွန်းတင် နိုင်ကြပါစေကြောင်း။ ။