တောင်ကြီး ဖေဖော်ဝါရီ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ဧည့်ခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်အတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်နှစ်နှစ်အောက် ကလေး သူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အပါအဝင် လူမှုဝန်ထမ်း လုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘတ်ဂျက်တွင် ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အတွက် ထောက်ပံ့ကြေး ငွေကျပ် ၄၄၈၇၄ ဒသမ ၆ သိန်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက် ထောက်ပံ့ငွေကျပ် ၂၈၄၅ ဒသမ ၁၈၅ သိန်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေမှ ငွေကျပ် ၁၅၇၈ ဒသမ ၈၈၂ သိန်း စုစုပေါင်းထောက်ပံ့ ကြေး ငွေကျပ် ၄၉၂၉၈ ဒသမ ၆၆၇ သိန်းတို့ကို ထောက်ပံ့ပေးအပ်ရာ အကျိုးခံစားခွင့်ရှိသူများ ကိုယ်စားပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများက လက်ခံကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာရိပ်သာသို့ ရောက်ရှိကြပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၁၅၉ ဒသမ ၃၀၆ သိန်းနှင့် ရိပ်သာအတွက် လှူဒါန်းငွေများကို ထောက်ပံ့ပေးအပ်ရာ အကျိုးခံစားခွင့်ရှိသူများ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်မှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၈၈ ဒသမ ၉၁၈ သိန်းကို ထောက်ပံ့ပေးအပ်ရာ အကျိုးခံစားခွင့်ရှိသူများ ၊ ကိုယ်စား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လက်ခံကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ကလေးငယ်များ Social Distancing ပုံစံဖြင့် တက်ရောက်သင်ယူနေမှု၊ ကလေးငယ်များ တည်ဆောက်ကစားခြင်း၊ အတုယူကစားခြင်းပုံစံများဖြင့် သင်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအတွင်း ကလေးငယ်များ အစားအသောက် ကျွေးမွေးနိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် အေးသာယာ မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်