Skip to main content

တရားမဝင် သစ်ပရိဘောဂပစ္စည်းများ၊ လူသုံးကုန်နှင့် စက်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက် များတွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များအတွင်း တရားမဝင် ကျွန်းပရိဘောဂ ပစ္စည်းများ၂ ဒသမ ၆၈၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၅၃၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲနှင့် တာဝန်ကျ အကောက်ခွန်အဖွဲ့တို့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြော်ငြာလွှာ ID တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်၊ စက်ပစ္စည်းများနှင့် Printer အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂၃၁၀၀၀)ကိုလည်းကောင်း၊ သွင်းကုန်ကြော်ငြာလွှာ ID တွင် ကြေညာထားသည်ထက် ကွဲလွဲစွာပါရှိလာသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၁၂၃၁၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမှ မော်လမြိုင်သို့ သွားရောက်မည့် ကုန်တင်ယာဉ်ပေါ်၌ အကောက်ခွန် ပေးဆောင်ထားသည့် ကုန်ပစ္စည်းများနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် တရားမဝင် အိမ်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၂၆၁၃၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်