နေပြည်တော် ဖေဖော်ဝါရီ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲများကြားမှ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် စိစစ်ချက်အရ (၁၆) နှစ်နှင့် အထက်ရှိသူ (၃ ဒသမ ၄)သန်းကျော်ကို ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ မေ (၃)ရက်မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ(၃)ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရမည့် စီမံချက် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ်အရေအတွက် ပြီးစီး အောင်မြင်အောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ပါကြောင်း။
ယခုအခါ စီမံချက်ကာလ (၁၀)လကြာ ရှိပြီဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့သည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီးဖြစ်ပါကြောင်း၊ လျာထားချက်ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးမှုမှာ မကွေး၊ တနင်္သာရီနှင့် မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ပါကြောင်း၊ လက်ရှိကာလအထိ ပြီးစီးရမည့် လျာထားချက်အောက်တွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိနေသည်ကို တွေ့ရပါကြောင်း၊ ကြုံတွေ့လာသည့် အခက်အခဲအဟန့် အတားများကို ဖြစ်နိုင်သမျှနည်းလမ်းများ ရှာကြံကာလျာထားချက် အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် အဓိကကျသည့် နောက်ဆုံးအချက်ကို အကောင်အထည်ဖော်နိုင်ရန်မှာ ပန်းခင်းစီမံချက် အောင်မြင်ရေးသည် အရေးတကြီးလိုအပ်ချက်ဖြစ်သည်ကို စွဲမြဲမှတ်ယူကြရန်လိုကြောင်း၊ ထို့ကြောင့် စီမံချက်လျာထားချက် ရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ဒေသအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မျက်ခြေမပျက်စောင့်ကြည့်ကာ ဆောင်ရွက်ရန်ကျန်ရှိသည့်ဒေသများကို အကွက်အလိုက်၊ နယ်မြေအလိုက် သတ်သတ်မှတ်မှတ် စုစည်းကာ ဌာနပေါင်းစုံ စုဖွဲ့ကွင်းဆင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည့်နည်းများကို တွေးတောကြံဆဆောင်ရွက် ကြရန်လိုကြောင်း၊ ယခု ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက လည်း စီမံချက်လုပ်ငန်း ဆောင်ရွက်များနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းနှင့် အကြံဉာဏ်များ၊ လုပ်နည်းလုပ်ဟန်များကို အကြံပြုသုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဌေးလှိုင်နှင့် အဖွဲ့ဝင်များ ညှိနှိုင်းပေါင်းစပ်ရေးလုပ်ငန်းကော်မတီ၊ မီဒီယာလုပ်ငန်းကော်မတီ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ များမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်အပြင်၊ e-ID စနစ်ဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရေး၊ ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်အတိုင်း အောင်မြင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုကို မျက်ခြေမပျက် စောင့်ကြည့်ကာ အားလုံးက မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)