Skip to main content

တရားမဝင် ဒီဇယ်ဆီ၊ ကျောက်စိမ်းအရိုင်းတုံး၊ သစ်ခွဲသားနှင့် လူသုံးကုန်ပစ္စည်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် တနင်္သာရီတိုင်း ရေတပ်စခန်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မင်းသူရ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေစဉ် MT ကျော်မင်းသူအမည်ရှိ အလျား (၃၂ ဒသမ ၃)မီတာ၊ အနံ (၇)မီတာ၊ ရေစူး(၂ ဒသမ ၅) မီတာခန့်(သံကိုယ်ထည်) တရားမဝင် လိုင်စင်မဲ့ ဆီသယ်ရေယာဉ် (၁)စီးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါရေယာဉ်ပေါ်တွင် ပါရှိသော ဒီဇယ်ဆီဂါလံ (၈၀၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၆,၀၀၀,၀၀၀)နှင့် အမေရိကန်‌‌ဒေါ်လာ (၂၅၀၂၅၀)ကို သိမ်းဆည်း၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ရှောင်တခင်စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်း တရားမဝင်သစ်ခွဲသား ( ၈ ဒသမ ၂၄၁၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၆,၉၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ အေးရှားဝေါလ်ကုန်သေတ္တာ စစ်‌ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်သေတ္တာများအား စစ်ဆေးရာ သွင်းကုန်ကြေညာလွှာ (ID) ထက် ပိုမိုပါရှိလာသော အဝေးထိန်းခလုတ်ပါရှိသော အရုပ်မျိုးစုံ(Toys Small With Remote Control) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၅၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အ‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Washing Powder (ဆပ်ပြာမှုန့်) အထုပ် (၁၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း TOYOTA HINUX SURF အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) နှင့် ခင်ဦးမြို့နယ်အတွင်း TOYOTADYNA အမျိုးအစား လိုင်စင်မဲ့ ခရီးသည်တင် မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀ ) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းရှိ ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော TOYOTA WISH အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀) အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအရိုင်းတုံး အထုပ်ကြီး/ ငယ် (၃၄၄)ထုပ် (ခန့်မှန်းတန်ဖိုးစိစစ်ဆဲ)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၁၃၂,၉၁၂ )နှင့် အမေရိကန်ဒေါ်လာ (၂၅၀၂၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်