နေပြည်တော် ဖေဖော်ဝါရီ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များကို ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါအစီအစဉ်အတွက် ထောက်ပံ့ကြေးငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် Online စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက MCCT အစီအစဉ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာရေးနှစ်၏ ပထမ (၃)လပတ်အတွက် ထောက်ပံ့သွားမည်ဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူပေါင်း (၁၅၅,၁၇၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၆၈၁၅ ဒသမ ၇၃၀)သန်းဖြစ်ပါကြောင်း၊ ယခင်ဆောင်ရွက်နေကြ နည်းလမ်းအတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် ငွေသားတိုက်ရိုက် ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ငွေထုတ် စာရင်းအလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များမှ ထောက်ပံ့ကြေးငွေ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် မြေပြင်ထောက်ပံ့မှု အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်တွင် ထောက်ပံ့ကြေးသည် အကျိုးခံစားခွင့် ရှိသူများအတွက် အမှန်တကယ် အထောက်အကူဖြစ်စေမည် ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပြီး ကူညီဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အကျိုးခံစားခွင့်ရှိသူ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေမည့် ကိစ္စဖြစ်သည့်အတွက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်းလိုသည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီး အစိုးရဖွဲ့၊ တာဝန်ရှိသူများက ဆွေးနွေးပြောကြားပြီး ၂၀၂၁-၂၀၂၂ခု၊ (၆)လ ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိသူပေါင်း (၁၅၅,၁၇၁) ဦးအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် (၆၈၁၅ ဒသမ ၇၃၀) သန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းထံသို့ ဝန်ကြီးဌာနကိုယ်စား ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်