Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး (Human Resources Development-HRD) သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပါကြောင်း။

ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်း စွမ်းဆောင်ရည်ပြည့်ဝပြီး အဖွဲ့အစည်းအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားနေမှသာ လုပ်ငန်းခွင်တွင် မိမိတို့ကျရာ အခန်းကဏ္ဍအလိုက် Teamwork ကောင်းကောင်းဖြင့် အခက်အခဲမရှိ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းစနစ်များကို အခြေခံကျကျ စတင်သိရှိနားလည်ပြီး အသုံးပြုရမည့် Software များ၊ Application များကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိပြီး အသုံးပြုသွားစေရန် ဖြစ်ပါကြောင်း၊ ထို့ပြင် ပိုမိုတိုးတက် ကျွမ်းကျင်အောင် အသုံးပြုနိုင်ဖို့ အဆင့်မြင့် Advanced Course များကိုလည်း ဆက်လက်ဖွင့်လှစ် သွားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ သင်တန်းသား/ သင်တန်းသူ (၅၀) တက်ရောက်မည်ဖြစ်ပြီး ရက်သတ္တ (၅) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။

သတင်းစဉ်