နေပြည်တော် ဖေဖော်ဝါရီလ ၂၁
မြန်မာ့အားကစား အဆင့်အတန်းမြင့်မားရေးနှင့် အမျိုးသမီး မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ " ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစောဒန်နီယယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးအား ကစားအဖွဲ့ ချုပ်မှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ကြသည်။
ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅)ဦးတွဲ အသင်းလိုက်ပြိုင်ပွဲ၊ (၃)ဦးတွဲအသင်းလိုက်ပြိုင်ပွဲနှင့် (၁)ဦးချင်းပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲအား ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း (၁၃)သင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားအင်အား စုစုပေါင်း (၁၅၅)ဦးတို့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ ဖေဖော်ဝါရီလ (၂၁)မှ (၂၂)ရက်နေ့အထိ ယှဉ်ပြိုင်သွားကြ မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်း ရရှိသည်။