နေပြည်တော် ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the crime of Genocide) ကိုကျူးလွန် ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့် မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး၊ ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိပါသည်။
အထက်ပါ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ ပူးတွဲကိုယ်စားလှယ် (Alternate Agent) ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ပါဝင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် ထွက်ခွာခဲ့ပြီး နယ်သာလန်နိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။
အဆိုပါကြားနာမှုကို ၂၁-၂-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀)နာရီတွင် စတင် လျက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဤအမှုကို ဥပဒေကြောင်းအရ ICJ က လက်ခံကြားနာစစ်ဆေးရန် မသင့်ကြောင်း ရှင်းလင်း ပြောကြားမည်ဖြစ်ပါသည်။ ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာ ရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြလျှောက်လဲသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။