Skip to main content

မျိုးမှန်၊ မြေမှန်၊ ရာသီဥတုမှန်၊ စိုက်နည်းမှန်ကို ဦးတည်ပြီး လုပ်ရတာမို့ အဓိက မျိုးမှန်ရရှိဖို့ လာရောက် လေ့လာရခြင်းဖြစ်ပါတယ်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၂ ကို နေပြည်တော်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည်။

ထိုသို့ ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့်ပြပွဲသို့ မြန်မာနိုင်ငံ မျိုးစေ့အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးဝါသနာရှင်များ တစ်ခဲနက်လာရောက်လေ့လာလျက်ရှိရာ ပြပွဲကျင်းပပေးမှုနှင့် ပတ်သက်၍ ၎င်းတို့၏အမြင် သဘောထားများကို တင်ပြလိုက်ရပါသည်။

ဦးစိန်မောင်မြင့် (ပြပွဲသို့ လာရောက် လေ့လာသည့် တောင်သူ)

ကျွန်တော် အဓိက စိုက်ပျိုးတာက ကြံ၊ စပါး၊ ပဲ၊ ပြောင်းနဲ့ နှမ်းကို စိုက်ပျိုးပါတယ်။ အခု လာရောက် လေ့လာရင်း စိုက်ပျိုးရေးနည်းပညာတွေကို ဌာနက တာဝန်ရှိတဲ့သူတွေနဲ့ မေးမြန်းပြီးတော့ တိုင်ပင်ပါတယ်။ အခု TBL Limited ကုမ္ပဏီက နှမ်းမျိုးတွေ ဝယ်လာတယ်။ နောက်ထပ် မတ်ပဲမျိုးကိုတော့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ဝယ်ယူဖို့ စီစဉ်ထားပါတယ်။

ကျွန်တော်တို့ တောင်သူတွေက မှန် (၄)မှန်ဖြစ်တဲ့ မျိုးမှန်၊ မြေမှန်၊ ရာသီ ဥတုမှန်၊ စိုက်နည်းမှန်ကို ဦးတည်ပြီး လုပ်ရတာမို့ အဓိက မျိုးမှန်ရရှိဖို့ လာရောက်လေ့လာရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ ပင်ကိုမျိုးတွေက ကျွန်တော်တို့ မြေ၊ ရာသီဥတုနဲ့ သိပ်မကိုက်ညီတော့တဲ့အတွက် ကိုက်ညီနိုင်မယ့်မျိုးကို ရှာရပါတယ်။ မျိုးကောင်းမျိုးသန့် တွေလည်း ကျွန်တော်တို့ ရကြပါတယ်။

စိုက်နည်း ပျိုးနည်းတွေကလည်း ကျွန်တော်တို့ မိဘဘိုးဘွားတွေရဲ့ စိုက်နည်းနဲ့ မတူတော့တာမို့ အထွက်နှုန်း များများ လိုချင်တဲ့အတွက် ဒီပွဲတော်ကို အားကိုးပြီးလာတာပါ။ တောင်သူတွေ အနေနဲ့လည်း ကြီးပွားတိုးတက်ဖို့ဆိုရင် နည်းစနစ်ကောင်းတွေနဲ့ မျိုးကောင်း မျိုးသန့်တွေ လိုပါတယ်။ ဒီအတိုင်း ကိုယ့်ရဲ့ မိရိုးဖလာနဲ့ လုပ်နေမယ်ဆိုရင် ထွက်နှုန်းမြင့်မြင့်လည်း မရနိုင်ပါဘူး။ အဲဒီအတွက် လုပ်ငန်းတွေ အဆင်ပြေ တိုးတက် အောင်မြင်ဖို့ဆိုရင် ဒီလိုပြပွဲမျိုး ကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးတင်ထွန်း (ပြပွဲသို့ လာရောက်လေ့လာသည့် တောင်သူ)

ကျွန်တော်တို့ကတော့စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ရတဲ့တောင်သူတွေဆိုတော့ မျိုးကောင်းမျိုးသန့် ရဖို့အတွက် စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့မှာ လက်ရှိ ရှိနေတဲ့မျိုးတွေဟာ မျိုးကောင်း မျိုးသန့်တွေ မဟုတ်တဲ့အတွက် အထွက်နှုန်းလည်း လျော့တယ်။ ဒါကြောင့် အခုလိုမျိုးကောင်းမျိုးသန့်တွေ ပြသထားတဲ့အတွက် တော်တော်လည်း စိတ်ဝင်စား ဖို့ကောင်းပါတယ်။ တောင်သူတွေအတွက်လည်း ဗဟုသုတအများကြီးရပါတယ်။

ကျွန်တော်တို့က လက်တွေ့လုပ်နေရတဲ့ တောင်သူတွေဆိုတော့ ဒေသအလိုက်မှာ ထွက်တဲ့ မျိုးစေ့တွေကို လက်လှမ်း မမီဘူး။ အခုလို တစ်နေရာတည်းမှာ စုံစုံလင်လင် ပြသထားတဲ့အတွက် ဗဟုသုတတွေ ရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို တောင်သူတွေ အနေနဲ့ ကိုယ့်ဒေသနဲ့ ကိုက်ညီမယ့် မျိုးစေ့တွေကို ရနိုင်ဖို့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးစောထွေး (ပြပွဲသို့ လာရောက် လေ့လာသည့် တောင်သူ)

ကျွန်တော်က စပါးစိုက်တယ်။ ကျွန်တော်တို့ နေပြည်တော်က မိုးကောင်းတော့ ဝါစိုက်ရတာ အဆင်မပြေဘူး။ အခုတော့ ဒီစကားဝိုင်းကို လာရောက် နားထောင်တဲ့အတွက် ဝါနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ များစွာရရှိပါ တယ်။ ဝါနဲ့ပတ်သက်တဲ့ မျိုးကောင်း မျိုးသန့်ကို ဘယ်လိုဝယ်ယူစိုက်ပျိုးရမလဲ ဆိုတာကို လေ့လာခွင့်ရရှိပါတယ်။ ဒီလိုတောင်သူအသိပညာပေး စကားဝိုင်းတွေ ပါရှိတဲ့အတွက် ဝါမစိုက်ဖူးတဲ့ ကျွန်တော်တို့လို တောင်သူတွေအတွက် များစွာ အထောက်အကူပြုပါတယ်။

မခင်မျိုးခိုင် (Agro Bio Product Co.,Ltd)

အခုလို မျိုးစေ့ပြပွဲ ပြုလုပ်တဲ့အတွက် မျိုးကောင်းမျိုးသန့်အသစ်တွေ အများကြီး ပေါ်လာတာ ရှိပါတယ်။ ဒါကြောင့်မို့ တောင်သူတွေ အနေနဲ့လည်း ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးတွေကို ရွေးချယ်ခွင့် အများကြီးရတယ်။ ကိုယ့်ဒေသရဲ့ ရေ၊ မြေ၊ သဘာဝနဲ့ကိုက်ညီတဲ့ မျိုးတွေကို ရွေးချယ်ပြီးတော့ စိုက်ပျိုးဖို့အတွက် အခွင့်အရေးတွေ တော်တော်များပါတယ်။

တောင်သူတွေအနေနဲ့ မျိုးစေ့ပြပွဲကို လာတဲ့အခါ ကုမ္ပဏီတွေနဲ့လည်း တိုက်ရိုက် တွေ့လိုရတယ်။ ဌာနဆိုင်ရာတွေနဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်မို့ နည်းပညာတွေလည်း အများကြီးရရှိမှာ ဖြစ်ပါတယ်။ ။ ဒီမှာ စိုက်ပျိုးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဖြေပေးလို့လည်း ရပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ မျိုးစေ့အနေအထား နဲ့ပတ်သက်လို့ တောင်သူတွေကို ရှင်းရှင်း လင်းလင်းသိအောင် ရှင်းပြပေးခွင့်ရတဲ့ အတွက် တောင်သူတွေအတွက် အလွန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ သူတို့အနေနဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ရှိရင်လည်း မသိတာတွေ ရှိရင် ချက်ချင်း မေးမြန်းလို့ရပါတယ်။ နောက်တစ်ခုကတော့ တောင်သူအချင်းချင်း စိုက်ပျိုးမှု နည်းစနစ်တွေ မတူကြတဲ့အတွက် နည်းပညာတွေကို ဖလှယ်ခွင့်လည်းရပါမယ်။ တောင်သူတွေ အနေနဲ့ အလွန်တက်သင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ဦးစိုးဝင်း (ပြပွဲသို့ လာရောက်လေ့လာသည့် တောင်သူ)

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ဝါသီးနှံဖွံ့ဖြိုး တိုးတက်ဖို့ အားလုံးပါဝင်ဆွေးနွေးစို့ ခေါင်းစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော် ဆွေးနွေးတဲ့အပိုင်းကတော့ မျိုးစေ့ဈေးတွေ ကြီးမားတဲ့အတွက် တစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ်ပြီး နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ မျိုးကောင်း မျိုးသန့် ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ဖို့ အတွက် လက်လှမ်းမီသလောက် ဆွေးနွေးခဲ့ပါတယ်။

ဒီပွဲတော်မှာဆိုရင် စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်လုပ်ထားတဲ့ မျိုးစေ့တွေနဲ့ ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ မျိုးစေ့တွေ အစုံအလင် ပြသထားတဲ့အတွက် တောင်သူတွေအနေနဲ့ မိမိဒေသနဲ့ ကိုက်ညီတဲ့ မျိုးစေ့တွေကို ရှာဖွေဝယ်ယူ စုဆောင်းပြီးတော့ စိုက်ပျိုးနိုင်တာကြောင့် တောင်သူတွေအတွက် အကျိုးရှိပါတယ်။

ဒီမျိုးစေ့ပြပွဲတော်မှာ တောင်သူတွေအတွက် အဓိကနံပါတ်တစ် အရေးကြီးတာမျိုးပေါ့နော်။ မျိုးဟာ အင်မတန်အရေးကြီးတဲ့အတွက် မိမိတို့အနေနဲ့ လာရောက်ပြီးတော့ ကိုယ်နှစ်သက်ရာ မျိုးတွေကို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ ဝယ်ယူနိုင်တယ်။ နောက်တစ်ခုကတော့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ မျိုးတွေကို ဒီပွဲတော်မှာ ရှာဖွေနိုင်တယ်၊ စုံစမ်းနိုင်တဲ့အပြင် တောင်သူအချင်းချင်း နည်းပညာတွေ ဖလှယ်ကြတာတွေ၊ ဌာနဆိုင်ရာတွေက မေးခွန်းတွေ ပြန်လည်ဖြေကြားတာတွေ ပါတဲ့အတွက် တောင်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေ ရရှိတဲ့အတွက်ကြောင့် လာရောက်ပြီးတော့ ပွဲတက်ဖို့ တိုက်တွန်းလိုပါတယ်။

ဦးမြင့်သိန်း (ပြပွဲသို့ လာရောက်လေ့လာသည့် တောင်သူ)

ကျွန်တော်တို့ တောင်သူလယ်သမားတွေ အသိပညာနည်းနေတဲ့ အချိန်မှာ သက်ဆိုင်ရာဌာန လူကြီးတွေက နည်းမှန်လမ်းမှန်စနစ်တွေ ဖြစ်လာစေဖို့နည်း၊ ထုတ်လုပ်နည်းတွေကို စေတနာ ထားပြီး လုပ်ပေးတဲ့အတွက် တောင်သူတွေ သီးနှံအထွက်တိုးပြီး ဝင်ငွေတွေ တိုးပွားလာမယ့် အတွက် ဝမ်းသာပါတယ်။

တောင်သူ လယ်သမားတွေဟာ ရှေးရိုးစွဲအလုပ်တွေ လုပ်နေတဲ့အတွက်ကြောင့် ကုန်ထုတ် စွမ်းအားစုတွေမှာ တိုးတက်အောင်မြင်အောင် လုပ်မပေးနိုင်ပါဘူး။ မျိုးကောင်းမျိုးစေ့တွေ ပေးမယ်။ ထွန်ယက်နည်းစနစ်တွေနဲ့ နည်းပညာတွေ ပေးတဲ့တွက် ဝမ်းသာပါတယ်။ နောက် တစ်ခု လိုချင်တာကတော့ မြေဩဇာတွေကို သင့်တဲ့ဈေးနှုန်းနဲ့ အချိန်မီပံ့ပိုး ပေးမယ်၊ မျိုးစေ့တွေ ထုတ်ပေးမယ်၊ ချေးငွေတွေကို ကျယ်ကျယ်ပြန့်ပြန့် တောင်သူတွေကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် နိုင်ငံတော်အတွက် ကုန်ထုတ်လုပ်မှုတွေ ပိုပြီးတော့ များပြားလာပြီး တိုင်းပြည်သာယာဝပြော တိုးတက်လာမှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း -သန်းမင်းအောင်၊ နိုင်နိုင်ဝင်း

ဓာတ်ပုံ-နေသစ်