နေပြည်တော် ဖေဖော်ဝါရီ ၂၀
မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂ ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ တတိယနေ့တွင် ဝါသီးနှံဖွံ့ဖြိုးဖို့ အားလုံးကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်အားပေးသည်။
အဆိုပါ စကားဝိုင်းဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တောင်သူများ၏ လက်တွေ့ကြုံတွေ့နေရမှုနှင့် ဆန္ဒသဘော ထားများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်၊ တောင်သူအချင်းချင်းအကြား၊ တောင်သူနှင့် ဌာနဆိုင်ရာများအကြား၊ တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကြားအပြန်အလှန် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်တို့အတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်၍ သက်ဆိုင်သူများအားလုံးက မိမိတို့ကျရာ အခန်းကဏ္ဍများမှ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် အလယ်ကျွန်းကျေးရွာမှ ဝါတောင်သူ ဦးသန်းလှိုင်၊ မြောင်မြိုက်ရွာမှ ဝါတောင်သူ ဦးစိုးဝင်း၊ ရမည်းသင်း သရက်ပင်ရွာမှ ဝါတောင်သူ ဦးကျော်အောင်၊ ပျော်ဘွယ်မှ ဝါကြိတ်စက် လုပ်ငန်းရှင် ဦးအောင်ဝေယံလင်း၊ သိမ်ကုန်းကျေးရွာမှ ဦးကျော်ဝင်းစိန်တို့က ဝါသီးနှံ စိုက်ပျိုးထုတ် လုပ်မှုဆိုင်ရာ အတွေ့အကြုံများ၊ အရင်းအနှီးလိုအပ်ချက်များနှင့် ဈေးကွက်အာမခံချက်ရရှိရေးဆိုင်ရာများကို ဆွေးနွေးတင်ပြ ကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၊ တိုင်းဒေသ ကြီး ပြည်နယ်များမှ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသူများက ပါဝင်အကြံပြုဆွေးနွေးခဲ့ကြသည်။
မျိုးစေ့ ပြပွဲ ရက်သတ္တပတ် ၂၀၂၂ သို့ မည်သူမဆို လေ့လာနိုင်ကြကြောင်း အဆိုပါပြပွဲကို ဖေဖော်ဝါရီ (၁၈) ရက်မှ (၂၂) ရက်အထိ ကျင်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ (၂၁) ရက် နံနက် (၈) နာရီခွဲတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအသုံးပြု၍ စိုက်ပျိုးပညာပေးခြင်း အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားတွင် လူငယ်စွန့်ဦး တီထွင် ပညာရှင်များက ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး တောင်သူများ၏ မိုဘိုင်းဖုန်းတွင် စိုက်ပျိုးရေးနည်းပညာ အထောက်အကူပြု အပလီကေးရှင်း များ အခမဲ့ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)