ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၁၉-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃၇,၄၃၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃,၃၀၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၈.၈၂) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၉၀၇,၅၀၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၆၅,၆၆၇) ဦးရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၃၀) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၂၃,၆၃၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ(၄)ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၃၁) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၉-၂-၂၀၂၂) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (23,334,797) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ် ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (20,616,499) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (2,718,298) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၉-၂-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (43,951,296) ကြိမ် ထိုးနှံပြီးဖြစ်ပါသည်။