Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် လှိုင်မြို့နယ် ၅ရပ်ကွက်ပိတ်တောက်ချောင်းအတွင်း အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန်သို့ သွားရောက်၍ မင်္ဂလာကန်ရေပိုလွှဲ Spill Way ကြမ်းခင်းနှင့် ရေထုတ်မြောင်းမြေထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှု၊ ကန်ပေါင်တစ်လျှောက်မြက်ခင်း၊ အရိပ်ရပင်၊ ပန်းအလှပင်များစိုက်ပျိုး၍ မြေယာရှုခင်း ဆောင်ရွက်နေမှု၊ လူသွားစင်္ကြံစက်ဘီးလမ်းဘေးတွင် ခုံတန်းများ တပ်ဆင်နေမှုတို့ကို လည်းကောင်း၊ အင်းစိန်မြို့နယ် တညင်းကုန်း ကုန်စိမ်းဈေးရှေ့ ရွှေပြည်သာတံတား လမ်း ရေစီးရေလာကောင်းမွန်ရေးအတွက် ပုလဲလမ်းဆုံမှ မီးရထားသံလမ်းထိရေမြောင်းတစ်လျှောက် တူးဖော်ရှင်းလင်းနေမှုကိုလည်းကောင်း၊ ရွှေပြည်သာ မြို့နယ်ရပ်ကွက်ရှိ ရွှေဗဟိုရ်ပတ်လမ်း တစ်လျှောက် ခရိုင်နှင့် မြို့နယ်ဝန်ထမ်းအင်အား ၁၀၀ ဖြင့် လမ်းဘေးဝဲ/ယာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ပိတ်ဆို့နေသည့်ရေမြောင်းနှင့် Culvert နေရာများ တူးဖော်ရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်အကြား ကွင်းချောင်းရေနုတ်မြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းမှု၊ ပျက်စီးသွားသည့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်ပြီးစီးမှုတို့ကို လည်းကောင်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်းရှိ သစ်တောမြစ်ထွက်ပေါက် ရေထိန်းတံခါးသို့သွားရောက်၍ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်