နေပြည်တော် ဖေဖော်ဝါရီ ၁၉
ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲပိုင်းတွင် Online စနစ်ဖြင့်ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော် တပ်ကုန်းမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။ ABU (Asia- Pacific Broadcasting Union) သည် အာရှပစိဖိတ်ဒေသတွင်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၅၇ ခုမှ ရုပ်သံဌာနပေါင်း ၂၈၆ ခု ပါဝင်ဖွဲ့စည်း ထားသည့် ရုပ်သံလုပ်ငန်း အဖွဲ့အစည်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသည် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစီရင်ခံစာကို ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားဝင်ထုတ်ပြန်မည်ဖြစ်၍ ရုပ်သံဌာနများအနေဖြင့် မည်ကဲ့သို့ သတင်းထုတ်လွှင့်မည်ကို ဆွေးနွေးကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် Asia - Pacific Broadcasting Union - ABU အဖွဲ့ဝင် ရုပ်သံဌာနများအနေဖြင့် အစီရင်ခံစာတွင် ပါဝင်သည့် အဓိက အချက်များ၊ အစီရင်ခံစာအပေါ် အဖွဲ့အစည်းအသီးသီးမှ ဝေဖန် သုံးသပ်ချက်များ၊ Social Media Platform နှင့် မှတ်တမ်းအသုံးပြုမှု ဆိုင်ရာများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရုပ်သံမှတ်တမ်း ထုတ်လုပ်မှုများကို ဆွေးနွေးကြသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် Asia - Pacific Broadcasting Union - ABU တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရာ အဖွဲ့ဝင်များအကြား သတင်းထုတ်ပြန်ရေး ဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ် လျှော့ချ ရေးဆိုင်ရာ အစီအစဉ်များ ထုတ်လုပ်ကြသည့် ထုတ်လုပ်ရေးမှူးများနှင့် သတင်းထောက်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်