မန္တလေး ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အောင်မြေသာစံမြို့နယ် မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်း လုပ်ငန်းပြီးစီးမှုကို လိုက်လံကြည့်ရှုကာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လက်ရာသေသပ်စွာ ဆောင်ရွက်ရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး အတွက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်နှင့် ဘုရားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
အဆိုပါ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားများ ခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်က မန္တလေးမြို့သို့ရောက်ရှိသည့် ခရီးစဉ်၌ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားသို့ လာရောက်ဖူးမြော်စဉ် လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းကို အမှတ် (၉၅၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်နှင့် မြန်မာစစ်သူကြီး ကုမ္ပဏီတို့က ဦးစားပေးအဆင့်လိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ခင်းကျင်းမည့်ဧရိယာ ၇၆၆၀၉ စတုရန်းပေရှိပြီး တစ်ပေပတ်လည် စကျင်ကျောက်ပြားပေါင်း ၁၅၀၉၀၀ ချပ်ခန့် သုံးစွဲသွားမည်ဖြစ်ပြီး ယခုအခါ လုပ်ငန်းအားလုံး၏ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်