နေပြည်တော် ဖေဖော်ဝါရီ ၁၉
နေပြည်တော် ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရအသင်းက ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော်စာမေးပွဲတွင် အောင်မြင်သော စာအောင် သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှစေတီတော် ရင်ပြင်တော်ရှိ ယာယီမဏ္ဍပ်၌ကျင်းပရာ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇနိန္ဒ ဆရာတော်မထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ရန်အောင်မြင် ရွှေလက်လှစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်သတ်များ က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ သြဝါဒကထာ နာယူကြည်ညိုကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက စာအောင်သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်များနှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ သရက်တောကျောင်းတိုက် ပဓာနနာယကဆရာတော် သာသနာ့ဓဇဓမ္မာစရိယ၊ စတုနိကာယဝိဒူ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ပြုလုပ်သည့် အဋ္ဌမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရ အကျော်စာမေးပွဲကို သာမဏေ ၆၀၁ ပါး၊ သီလရှင် ၁၁၈ ပါး၊ စုစုပေါင်း ၇၁၉ ပါး ဖြေဆိုရာတွင် စာအောင်သာမဏေ ၃၁၄ ပါး၊ သီလရှင် ၆၂ ပါး၊ စုစုပေါင်း ၃၇၆ ပါးတို့အား အောင်လက်မှတ်ဆက်ကပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်