နေပြည်တော် ဖေဖော်ဝါရီ ၂၀
“မျိုးစေ့ပြပွဲ ရက်သတ္တပတ် ၂၀၂၂” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက “လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်းမျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ၂၀၂၂” Seed Fair 2022 နှင့်ယနေ့ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲသည် မျိုးစေ့ထုတ်လုပ်သူမှ မျိုးစေ့ရောင်းချသူအထိ ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှု စီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူများအားလုံးတို့အနေဖြင့် ကျရာအခန်းကဏ္ဍများက တက်ညီလက်ညီ ကြိုးပမ်းကြ ရန်လိုကြောင်း ပြောကြားသည်။
ပါဝင်ဆွေးနွေး
ယနေ့တွင် ကျင်းပသည့် “မျိုးစေ့ပြပွဲရက်သတ္တပတ် ၂၀၂၂” စကား ဝိုင်းဆွေးနွေးပွဲတွင်အငြိမ်းစား အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် က အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းကြည်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးခိုင်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပပဝင်း၊ သုတေသနအရာရှိ ဒေါက်တာသီတာနှင့် ဒေါက်တာမာမာဝင်း၊ မြန်မာနိုင်ငံ မျိုးစေ့အသင်းမှ ဦးသန်းထိုက်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး မျိုးစေ့ဆိုင်ရာသိမှတ်ဖွယ်ရာများအတွေ့အကြုံများ၊ မျိုးစေ့ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မျိုးစေ့အရည်အသွေးနှင့် သီးနှံအရည်အသွေး တောင်သူအကျိုးအမြတ်တို့၏ အရေးပါပုံများကို ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ လာရောက်လေ့လာကြသည့် တောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ မျိုးစေ့အသင်းအဖွဲ့များ၊ အွန်လိုင်းစနစ်ဖြင့်တက်ရောက် လေ့လာကြသည့် စိုက်ပျိုးရေးကဏ္ဍ လူငယ်စွန့်ဦးတီထွင်ပညာရှင် များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀၀ ခန့်တို့က သိရှိလိုသည်များကို စိတ်ဝင်စားစွာ မေးမြန်း ဆွေးနွေးခဲ့ကြသည်။
တောင်သူနှီးနှောဖလှယ်ပွဲ
အဆိုပါပြပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲတွင် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူနှီးနှောဖလှယ်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်