နေပြည်တော် ဖေဖော်ဝါရီ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ကို ယနေ့ တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက်ကျင်းပသည်။
ပြပွဲတွင် မြန်မာနိုင်ငံမျိုးစေ့အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့် မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမျိုးစေ့၊ ပျိုးပင်ပြခန်း ပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိကပြခန်းများအပါအဝင် ပြခန်းပေါင်း ၃၅ ခန်းဖြင့် စုံလင်စွာ ခင်းကျင်းပြသထားသည်။
ထိုသို့ ခင်းကျင်းပြသထားမှုကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးကို စိတ်ဝင်စားသူများ၊ မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ် များနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည်ကို တွေ့မြင်ရသည်။
ထို့ပြင် ပြပွဲ၌ လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲများ၊ တောင်သူနှီးနှောဖလှယ်ပွဲများနှင့် နည်းပညာအခြေပြု စိုက်ပျိုးပညာပေးရေး လုပ်ငန်းများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာလေ့လာခွင့် ရခဲ့ကြသည်။
မျိုးစေ့ပြပွဲ ၂၀၂၂ ကို မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပြပွဲကို “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိမိတို့ လယ်ယာမြေအမျိုးအစားနှင့် ကိုက်ညီမည့် မျိုးကောင်းမျိုးသန့်များကို လာရောက်လေ့လာခွင့်ရမည့်အပြင် စိုက်ပျိုးရေးဗဟုသုတများစွာလည်း ရရှိမည်ဖြစ်သည့်အတွက် လာရောက်လေ့လာနိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။
သတင်း - ခေတ်လူငယ်၊ ဓာတ်ပုံ - ကိုကိုထိန်