Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများကိုပါ အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်း သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာရှိ မင်းရွာမြောက်ဘုန်းတော်ကြီး ကျောင်း၌ သီတင်း သုံးနေထိုင်လျက်ရှိသော ဆရာတော် ဥူးစန္ဒေါ(ခ) ဦးစိန်မောင်း (၅၈)နှစ် ဝါတော် (၈)ဝါ(ဘ) ဦးပေါစံအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၅၀ ဦးခန့်က သင်္ကန်းချွတ် လူဝတ်လဲကာ ကြိုးများဖြင့် တုပ်နှောင်၍ ရေဦးကုန်းကျေးရွာအုပ်စု၊ နပေါင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆရာတော်အား ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်း လိုက်လံပိတ်ဆို့ ရှာဖွေစုံစမ်းခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၈ နာရီတွင် နှောကုန်းကျေးရွာအနီးရှိ မူးဘောင် ရေမြောင်းအတွင်း၌ ဆရာတော်အား လည်ပင်းတွင် ကြိုးချည်လျက်ဖြင့် တွေ့ရှိရပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် နဖူးပြတ်ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားထင်မှ ယာပါးအထိ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်း သံဃာတော်များအား အကြမ်းဖက်သမားများ၏ ရက်စက်စွာရန်ပြု အကြမ်းဖက်မှုကြောင့် နိုင်တော်အတွင်း နေရာအချို့တို့တွင် သံဃာတော် ၂၄ ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၉ ပါးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။ အထက်ပါဖြစ်စဉ်တွင် ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ် ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။