နေပြည်တော် ဖေဖော်ဝါရီ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ် သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက် ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသ ရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက် ရှိသည်။
ထောက်ပံ့လှူဒါန်း
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မိုး ဦးတို့က ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်စင်တာသို့ ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ အင်အားဖြည့်အစားအစာများနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းခဲ့ရာ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသူဇာနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်