Skip to main content

(၂၆) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့် မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီး ဌာနတို့သည် (၂၆) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့်မိသားစု ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ် စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် Virtual Meeting ဖြင့် ကျင်းပသည်။

အဆိုပါ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ လူမှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Ramrung Worawat က ကိုဗစ် − ၁၉ ကာလအတွင်း နှစ်နိုင်ငံ Online ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသော်လည်း နှစ်နာသူများအတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ (၁၀) နှစ်ခန့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စံပြနိုင်ငံများအဖြစ် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခုအချိန်ထိ (၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ နိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါများ လျှော့ချနိုင်ခဲ့ပါက နှစ်နိုင်ငံ မျက်နှာချင်းဆိုင် အစည်းအဝေးပွဲများ ပြန်လည်ကျင်းပရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ယခု အစည်းအဝေးသည် ကိုဗစ် - ၁၉ ရောဂါအခြေအနေကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရေး အခက်အခဲရှိသည့်အတွက် ယခုကဲ့သို့ Virtual Meeting အဖြစ် နှစ်နိုင်ငံ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (၂၁) ရာစုတွင် လူကုန်ကူးမှုသည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ကျေးကျွန်စနစ်အဖြစ် ထွန်းကားလာပြီး ကမ္ဘာ့နိုင်ငံအားလုံးကို သက်ရောက်မှုရှိသည့် လူမှုရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူ  အများစုသည် အမျိုးသမီးနှင့် ကလေး များ ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင် အမျိုးသားဦးရေ တိုးမြင့်လာသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အခြားသော နိုင်ငံများကဲ့သို့ လူကုန်ကူးမှု ပြဿနာကို ကြုံတွေ့နေရပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်များက (၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်