Skip to main content

ပဲခူးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) ကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်း အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြင့်တက်လာသဖြင့် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူတစ်ဦးချင်းအလိုက် ကိုဗစ် - ၁၉ စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ Online Zoom Meeting System  ဖြင့် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ကျောင်းများမှလွဲ ကျန်သည့် ဘာသာရေး အဆောက်အဦများ၊ အားကစားခန်းမများ၊ မြို့တော်ခန်းမများ၊ သင်တန်းဆောင်များနှင့် Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine များ အသင့် ဖြစ်နိုင်ရေး  စီစဉ်ဆောင်ရွက်ထားရန်၊ နေရပ်ပြန် မြန်မာနိုင်ငံသားများအား ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ရန်၊ လူအစုအလိုက်အပြုံလိုက် ရောဂါပိုးကူးစက်နိုင်သည့် နေရာများအား ကိုဗစ် - ၁၉ စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးသွားရန် နှင့် ကိုဗစ် - ၁၉နှင့် ပတ်သက်သည့် စာရင်းဇယား အချက်အလက်များ မှန်မှန် ကန်ကန် စနစ်တကျ ပြုစုထားရှိရန် ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ် - ၁၉ ရောဂါ တွေ့ရှိမှု နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တပ်ရင်းတပ်ဖွဲ့များရှိ Covid ကုသရေးစင်တာ နှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသည့် အမှတ် (၃) စစ်မြေပြင် ဆေးတပ်ရင်း ရှိ Oxygen Plant အား အသင့်ဆောင်ရွက် ထားမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး အဆင့် ကော်မတီဝင်များက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို အကြံပြု တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ပေါ်ရှိ Covid ကုသရေး စင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှု၊ Oxygen Plant လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)