Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာဆီယံအားကစားဆိုင်ရာ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးဖိုရမ်တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၈

အာဆီယံအားကစားဆိုင်ရာ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးဖိုရမ် “ASEAN Forum for Promotion of Women Participation in Sports” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ Virtual Online စနစ်ဖြင့် ကျင်းပသည်။

အာဆီယံအားကစားဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) (ASEAN Work Plan nd Sports 2021-2025) တွင် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ထည့်သွင်းထားသည့် လှုပ်ရှားမှု (၅) ခု အနက်မှ (၁) ခု အပါအဝင်ဖြစ်သော အာဆီယံဒေသတွင်း အားကစားကဏ္ဍ၌ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ပါဝင်မှုမြှင့်တင်ရေးဖိုရမ်/အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးအစီအစဉ် အောက်ရှိ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံက ဦးဆောင်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်း ဖြစ်သည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီရုံးအဖွဲ့၊ SOMS ရုံးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Deputy Secretary General H.E. EkkaphabPhnthavong နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က (Video Clips) ဖြင့် နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် အာဆီယံအားကစားဆိုင်ရာ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု မြှင့်တင်ရေး ဖိုရမ်ကို လက်ခံ ကျင်းပခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများသည် အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက် ရုံသာမက လူထုအားကစားတွင်လည်း အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုသည် အမှန်တကယ် အရေးကြီးပါကြောင်း၊ အားကစားကဏ္ဍတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်ရန်အတွက် စနစ်ကျသော အစီအစဉ်များရေးဆွဲရန် လိုအပ်ပါကြောင်း၊ ယခုဖိုရမ်သို့ တက်ရောက်လာသော အသိပညာရှင်/အတတ်ပညာရှင်များနှင့် အသိပညာ နှီးနှောဖလှယ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ကျား/မ တန်းတူညီမျှမှု အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု ယူဆပါကြောင်း။

ဤဖိုရမ်မှတစ်ဆင့် Action Plan နှင့်အတူ အားကစားတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်ရန် အတွက်များစွာ ကြိုးပမ်းဆောင်ရွက်ရမည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊ အနာဂါတ် အားကစားဆိုင်ရာ လှုပ်ရှားမှုများတွင် အထူးသဖြင့် အမျိုးသမီး အားကစားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၌ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ကိုတည်ဆောက်ပြီး အမျိုးသားရေးအဆင့်တွင် ဖွံ့ဖြိုးတိုးတက်သောအစီအစဉ်များ၊ ပရိုဂရမ်များနှင့် မဟာဗျူဟာ များကိုလုပ်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြန်မာအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက “Women in Sports in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Thailand National Sports University (Chiang Mai Campus) မှ ကထိက Ms.Pacharakamon Arkornsakul က “Suggestion for Increasing Female Sports Participation in Thailand” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက “Women Lead Women at Administrative Role in Sports” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလေးရှားအိုလံပစ်ကောင်စီ အမျိုးသမီးနှင့် အားကစား ကော်မတီမှ အဖွဲ့ဝင် Ms. Nurul Huda Abdullah က “Women in Sports: Malaysia’s Journey to Action” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပြီး‌ ဖိုရမ်သို့တက်ရောက်လာသူများက ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြပြီး မနက်ပိုင်းအစီအစဉ်ကို ခေတ္တခဏ ရပ်နားသည်။

မွန်းလွဲပိုင်း အစီအစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒဂုံတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စိမ်းညိုညိုကို က “Women’s Participation in Sports in Higher Education” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Portas Consulting and Head of the Asia Pacific office မှ Mr. Asahi Takano က “2021 ASEAN Sports Participation Study” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Government and Business Expert (Portas) မှ Mr. JhoshanJothilingam က “2021 ASEAN Sports Participation Study” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသန်းသန်းဌေး က “Women Participation in Paralympic Sports” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဆီယံ အတွင်းရေးမှူး ချုပ်ရုံး ပညာရေး၊ လူငယ်နှင့်အားကစားဌာနမှ Senior Officer Ms. LarastiIndrawagit က “Outcomes of ASEAN-Japan Action on Sports Project: Policy Workshop on Gender Equality in Sports and ASEAN #WeScore Campaign” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဖိုရမ်သို့တက်ရောက်လာသူများက ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Deputy Secretary General H.E. EkkaphabPhanthavong နှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)