နေပြည်တော် ဖေဖော်ဝါရီ ၁၈
ဂျပန် အစားအစာချက်ပြုတ် ပြင်ဆင်မှုသင်တန်းဆင်းပွဲ (Japanese Culinary Training) ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အဆိုပါသင်တန်းကို အာဆီယံ−ဂျပန်စင်တာ (AJC) ၏ ထောက်ပံ့မှုဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနနှင့် TRC Hotel and Vocational Training Institute တို့ပူးပေါင်း စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်၊ ဌာနဆိုင်ရာ အရာရှိကြီးများ တက်ရောက်ကြပြီး အာဆီယံ− ဂျပန်စင်တာမှ အတွင်းရေးမှူးချုပ် Mr. Kunihiko Hirabayashi၊ TRC Hotel and Vocational Training Institute မှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ က Online ဖြင့် တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အာဆီယံ−ဂျပန်စင်တာ ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်ခြင်းမှာ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ဂျပန် အစားအစာ ရောင်းချသော စားသောက်ဆိုင်များစွာ ပေါ်ထွက်လာနေပြီး ယခုသင်တန်းက မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်ခရီးသွား ဧည့်သည်များအတွက် သာမက ဒေသခံများပါ ဂျပန်အစားအစာ စားသုံးနိုင်စေရန်နှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်း နိုင်ရေးအတွက် အထောက်အပံ့ တစ်ခုဖြစ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား (၂၀) တက်ရောက် အောင်မြင်ခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့်လည်း သင်တန်းမှ သင်ယူ တတ်မြောက်မှုများကို အကျိုးရှိရှိအသုံးချကာ ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရန် ဆက်လက်ကြိုးစား သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ−ဂျပန် စင်တာ (AJC) နှင့် ပူးပေါင်းဆောင်ရွက်သွားလို ကြောင်း၊ ယခု သင်တန်းအတွက် ထောက်ပံ့ကူညီ ပေးပါသော အာဆီယံ− ဂျပန်စင်တာ (AJC)၊ TRC Hotel and Vocational သင်တန်းကျောင်းနှင့် ကူညီပံ့ပိုးပေးသူများကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံ−ဂျပန်စင်တာမှ အတွင်းရေးမှူးချုပ် Mr. Kunihiko Hirabayashi က သင်တန်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ဂျပန်အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်းများ အပါအဝင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းတက်ရောက်အောင်မြင်ခဲ့သော သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)