Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခံရသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟောင်းဦးဝင်းသိန်းအပေါ် စီရင်ချက်အမိန့်ချမှတ်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုများရှိသောကြောင့် အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် နိုင်ငံရေးရာ ထူးလက်ရှိဖြစ်ခဲ့စဉ် က စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက နိုင်ငံတော်သို့ လှူဒါန်းသည့် အလှူငွေကျပ် ၂၃၉ သန်းကျော်ကို ပြည်ထောင်စုအစိုးရ အဖွဲ့ကထုတ်ပြန်သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ နှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ မိမိတစ်ဦးတည်းသဘောဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင် သုံးစွဲခြင်းနှင့် ပါတီလုပ်ငန်းများတွင် သုံးစွဲထောက်ပံ့ခြင်း၊ ပဲခူးမြို့နယ်အတွင်း တပ်စွန့်လွှတ်မြေပေါ်တွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပေးအပ်သည့် ငွေကျပ်သိန်း ၁၀၀ ကို လက်ခံရယူခဲ့ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီဥက္ကဋ္ဌတစ်ဦးထံမှ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀၀ ကို လက်ခံရယူပြီး အလှူငွေစာရင်းတွင် ထည့်သွင်းရေးသားမှုမပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလဆန်းပိုင်းတွင် လုပ်ငန်းရှင် တစ်ဦးမှ ပေးအပ်သည့် ငွေကျပ် သိန်း ၅၀ ကို လက်ခံရယူခဲ့ခြင်း၊ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပဲခူးတိုင်းဒေသကြီးအတွင်း မြေဧက ၄၀၀ ခန့်အား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ရာ မြေဧက ၂၀၀ ကျော် အား လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အတွင်း ပေးအပ်သည့် မော်တော်ယာဉ် တစ်စီးကို တံစိုးလက်ဆောင် အဖြစ်လက်ခံရယူခဲ့ခြင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းသည် ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး လွှတ်တော် တို့၏ တားမြစ်ကန့်ကွက်မှုများအပေါ်  လျစ်လျူရှုပြီး ပဲခူးတိုင်း ဒေသကြီး တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ Bago Region Construction Control  Authority (BRCCA) ကို ၎င်းတစ်ဦးတည်း သဘောဖြင့် ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အား အစိုးရအဖွဲ့ အဝန်းအဝိုင်းအတွင်းရှိ မြေ၊ အဆောက်အအုံ၊ ရုံးသုံးပရိဘောဂ၊ ရေမီး နှင့် မော်တော်ယာဉ် တို့အား အခမဲ့သုံးစွဲခွင့်ပြု ခဲ့သည့်အပြင် ဒေသတွင်းတည်ဆောက်ရေး လုပ်ငန်းများအတွက်  အရည်အသွေးစစ်ဆေးခ ဖြစ်သော လုပ်ငန်းပမာဏ ခွင့်ပြုငွေ၏ ၂ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၁၃၆ သန်းကျော်အား ၎င်းအဖွဲ့၏ ဘဏ်ငွေစာရင်း၌ လက်ခံရယူခဲ့ပြီး ၎င်းအနက်မှ ဝန်ဆောင်ခ အဖြစ် ၀ ဒသမ၃ ရာခိုင်နှုန်း ဖြတ်တောက်ရယူခဲ့ခြင်းအပေါ် ကြပ်မတ်စိစစ်ရန်  ပျက်ကွက်ခဲ့ သဖြင့် ၎င်းသဘောနှင့် ဖွဲ့စည်းခဲ့သော BRCCA/ BRCB(T) အဖွဲ့အား ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးများကို ရရှိစေရန်အတွက် တစ်ဖက်တစ်လမ်းမှ သွယ်ဝိုက်စီမံ ဆောင်ရွက် ပေးခဲ့သည်။

ထို့ပြင် ၂၀၁၇-၂၀၁၈ မှ ၂၀၁၈-၂၀၁၉ အထိ ဘဏ္ဍာနှစ် လေးနှစ်တာ ကာလအတွင်း ပိုလျှံရန်ပုံငွေ များဖြင့် လျှပ်စစ်လမ်းမီး ထွန်းညှိခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ် ယူခြင်း မရှိဘဲ ငွေကျပ်သန်း ၂၀၀၀ ခန့် တန်ဖိုးရှိသည့်  လုပ်ငန်း ၁၅ ခုအား ကုမ္ပဏီတစ်ခု တည်းသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေမှ သက်သာစေမည့် တင်ဒါပိုလျှံ ငွေများ  နစ်နာဆုံးရှုံးစေခဲ့ခြင်းတို့ကြောင့် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း  အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ  ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်မှုအမှတ် ၁/၂၀၂၁ မှ  ၇/၂၀၂၁ အထိ အမှု ခုနစ်မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

အဆိုပါ အမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁၊ ၂/၂၀၂၁၊ ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁ နှင့် ၇/၂၀၂၁ တို့ အတွက် အလုပ် နှင့်ထောင်ဒဏ် ၃နှစ်စီဖြင့် ၁၈ နှစ် ရာဇဝတ်ကြီးမှုအမှတ် ၆/၂၀၂၁ အတွက် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် စုစုပေါင်း အမှုခုနစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်