Skip to main content

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

 ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရား ရုံးများ၏ (၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားရုံးများသည် အမှုအခင်းများကိုမှန်မှန်နှင့် မြန်မြန် ပြီးပြတ်အောင် စစ်ဆေးစီရင်ကြရန်နှင့် မျှတမှန်ကန်သည့် အဆုံးအဖြတ်များကို ပြုကြရန်လိုကြောင်း၊ အဆင့်မြင့် တရားရုံးများကလည်း လက်အောက်တရားရုံးများ အနေနှင့်အမှုများ မှန်မှန်နှင့် မြန်မြန်ပြီးပြတ်ရေးကို အမြဲမပြတ် ကြီးကြပ်ပေးရန်လိုကြောင်း၊ ထို့ပြင် လက်အောက် တရားရုံးများ၏ စစ်ဆေးစီရင်ဆုံးဖြတ်ချက်များ ဥပဒေနှင့် ညီညွတ်မျှ တမှန်ကန်မှု ရှိ မရှိ စိစစ်ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ပြီး မှားယွင်းချွတ်ချော်မှု များကိုလည်း ပြင်ဆင်တည့် မတ်ပေးရန်လိုကြောင်း၊ သို့မှသာဥပဒေနှင့် ညီညွတ်မျှတမှန်ကန်သည့် ဆုံးဖြတ်ချက်များကို ရရှိကြမည် ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့် အမှုများကိုလည်း ကြန့်ကြာမှုမရှိစေဘဲမှန်ကန် မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များဖြစ်သည့် အတွက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ တာဝန်ကျေပွန်မှုနှင့် ဌာနအတွင်းအထက် အောက်ရိုသေလေးစားမှု၊ စည်းလုံး ညီညွတ်မှုရှိစေရေးကို လည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင် ရေးမဟာ ဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ ပဉ္စမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၂ ခုနှစ်) အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မှုခင်းများစစ်ဆေးစီရင်ခဲ့မှုနှင့်စပ်လျဉ်းပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း ၅၆၆ မှု လက်ခံရရှိပြီး (ယခင် နှစ် အမှုလက်ကျန် ၄၈၅ မှုအပါအဝင်) ၁၀၅၁ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁၁၀၇ မှု လက်ခံရရှိပြီး ယခင်နှစ် အမှု လက်ကျန် ၃၉ဝ မှု အပါအဝင် ၁၄၉၇ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များတွင် ရာဇဝတ်အမှု ပေါင်း ၂၁၃၇ မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် ၁၇၉၈ မှု အပါအဝင် ၃၉၃၅ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း ၁၆၈၉ မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် ၂၁၈၆ မှု အပါအဝင် ၃၈၇၅ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရားရုံးများနှင့် ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၂၉၂၁မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၂၄ မှု အပါအဝင်) ၁၃၅၄၅ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမ အမှု ပေါင်း ၇၂၄၃ မှုလက်ခံရရှိပြီး ၆၃၅ဝ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၁၅၇၉၈ မှု လက်ခံရရှိ ပြီး (ယခင်နှစ် အမှုလက်ကျန် ၂၀၀၄၆မှုအပါအဝင်) ၁၃၅၈၄၄ မှု စစ်ဆေး ပြီးပြတ်ကြောင်း တရားမအမှုပေါင်း ၁၃၀၁၉မှု လက်ခံရရှိပြီး (ယခင်နှစ် (အမှုလက်ကျန် ၁၅၁၂ မှု အပါအဝင်) ၁၄၅၃၁ မှုစစ်ဆေးပြီးပြတ်ကြောင်း၊ ( ဥပဒေအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေး ( သူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး)တွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၂၉၀ မှု လက်ခံရရှိပြီး (ယခင်နှစ် အမှု လက်ကျန် ၉၈ မှု အပါအဝင်) ၃၈၈ မှု စစ်ဆေးပြီးပြတ်ကြောင်း၊ စည်ပင် သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် စည်ပင် (သာယာဥပဒေအရ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၁၇၉ဝမှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၆၉ မှု အပါအဝင်) ၁၈၅၉ မှုစစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)  တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရစွဲဆိုတင်ပို့သည့် အမှုပေါင်း ၂၉၃၇၉ မှုကို စစ်ဆေး စီရင်နိုင်ခဲ့ကြောင်းနှင့် အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး များ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား ရေးဦးစီးမှူးများ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

သတင်းစဉ်