နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဦးထွန်းအုံ၊ ဉီးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းမှ စတင်၍ တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ခြင်း၊ တာဝန်ထမ်းဆောင်ရန် နိုင်ငံတကာက ရောက်ရှိလာခြင်းများရှိပြီး ယင်းအဖွဲ့များမှ ကိုဗစ် Positive တွေ့ရှိသူ ပိုများ ကြောင်း၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသူများကို စစ်ဆေးရာတွင်လည်း Positive တွေ့ရှိသူများရှိကြောင်း၊ ယခုဖြစ်ပွားနေသည့် အိုမီခရွန်သည် ယခင်ထက် ကူးစက်မှု ပိုမြန်သည်ကို တွေ့ရကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် တစ်နိုင်ငံလုံး ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၁ ဒသမ ၄၅ ရှိရာမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပိုးတွေ့ရာခိုင်နှုန်း ၈ ဒသမ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြပ်မတ်ထိန်းချုပ်နေသော်လည်း အိုမီခရွန် ကူးစက်မှုမှာ တဖြည်းဖြည်း တိုးလာကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ပိုးတွေ့ရှိမှု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ၂၀ ဒသမ ၉၉ ရာခိုင်နှုန်းရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ပြည်ပမှ အဝင်အထွက်များခြင်း၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများ၏ ဆုံရပ်ဖြစ် နေခြင်းတို့ကြောင့် သီးခြား SoP များ ထုတ်ပြန်ပြီး ထိန်းချုပ်ကြပ်မတ်ရန် ဆောင်ရွက်ထား ကြောင်း၊ Quarantine စင်တာများ၊ Positive စင်တာများ၊ ကုသရေးစင်တာများကို နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံကြီးများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း၊ ထို့ပြင် အောက်စီဂျင် ပြတ်လတ်မှုမရှိအောင် လည်း စီမံဆောင်ရွက်ထားကြောင်း။
နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးအတွက် လိုအပ်သည့် အစီအမံများ၊ စည်းမျည်းစည်းကမ်းများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် လည်း ထုတ်ပြန်ထားသည့် ကိုဗစ် စည်းမျဉ်းစည်းကမ်းများကို တစ်ဦးချင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ ထုတ်ပြန်ခဲ့ပြီး ပြည်သူတစ်ဦးချင်းစီက အသိစိတ်ဓာတ်ကိုယ်စီဖြင့် လိုက်နာဆောင်ရွက်ခဲ့ကြသည့်အတွက် ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားခြင်းဖြစ်ကြောင်း။
ယခု ဖြစ်ပွားနေသည့် Omicron သည် Dalta မျိုးကွဲထက် ကူးစက်မှုနှုန်း ၄ ဆခန့် မြန်သည်ဟု သိရကြောင်း၊ ထို့ကြောင့် ယခု စတုတ္ထလှိုင်းတွင်လည်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာပေးကြရန် မေတ္တာရပ်ခံ ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း ဒေသခံ ပြည်သူများ ကို အသိပညာ ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာရန် မေတ္တာရပ်ခံခြင်းစသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မြို့နယ်အလိုက်၊ ရပ်ကွက် အလိုက်ဆော်ဩခြင်း၊ အသိပညာပေးခြင်း၊ ထိန်းချုပ်ကြပ်မတ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နောက်ဆုံးလိုက်နာရမည့် SoP များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်သူအားလုံး တစ်ဦးချင်း တိတိကျကျလိုက်နာရန် နေပြည်တော်ကောင်စီနေမြေ အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်အားလုံးတွင် အသိပညာပေးခြင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေး ခြင်းတို့အပြင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ကူးစက်မြန် အိုမီခရွန်ရောဂါပိုး မိမိအနီးပတ်ဝန်းကျင်တွင် ရှိနေကြောင်း သတိပြုမိစေသည် အထိ အသိပညာ၊ ဗဟုသုတများ နည်းလမ်းပေါင်းစုံဖြင့် ရောက်ရှိနိုင်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူလူထု တစ်ဦးချင်းအနေဖြင့်လည်း ပူးပေါင်းလိုက်နာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု၊ ရောဂါပိုးတွေ့ရှိမှုနှင့် သေဆုံးမှု၊ အိမ်နီးချင်းနိုင်ငံများ၌ အိုမီခရွန် ဖြစ်ပွားတွေ့ရှိမှု၊ စစ်ဆေးရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှုများနှင့် ကာကွယ်ဆေးဆက် လက်ထိုးနှံရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် Booster ထိုးနှံပြီးစီးမှု၊ နိုင်ငံအတွင်း အောက်ဆီဂျင် ထုတ်လုပ်မှု၊ Positive လူနာများ ကုသနိုင်ရန် စီစဉ်ထားမှုနှင့် Quarantine Center များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ ရောဂါ Omicron မျိုးကွဲ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးချက်များ အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ် ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်