ကမ္ဘာပေါ်တွင် မျက်မှောက်ကာလ၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ် နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သည့်ကာလက ပစိဖိတ် သမုဒ္ဒရာရေစီးကြောင်း ပူနွေးလာ မှုကြောင့် လာနီညာဖြစ်စဉ် ဖြစ်ပေါ်လာပြီး အကျိုးသက်ရောက်မှုအဖြစ် အရှေ့မြောက်မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပို့ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပါသည်။
လူတို့အနေဖြင့်နေ့စဉ်နှင့်အမျှ နိစ္စဓူဝဗာဟီရကိစ္စအဝဝတို့ကိုလုပ်ကိုင်နေရသောကြောင့် ရာသီဥတု ပြောင်းလဲ မှုဖြစ်စဉ်ကို သတိမမူအားဘဲရှိကြရာ ကိုဗစ်-၁၉ ရောဂါနှင့်အတူရာသီတုပ်ကွေး ရောဂါများကို လည်းများသောအားဖြင့် ကြုံတွေ့ ခံစားကြရသည်။ ကမ္ဘာလောကကြီးသည် လူသားများနှင့် သက်ရှိ သတ္တဝါများ အသက်ရှင်ရပ်တည်နေထိုင်နိုင်ရေးအတွက် သင့်တင့်ကောင်း မွန်သော သဘာဝ ပတ်ဝန်းကျင်နှင့် ဥတုရာသီတို့ကို ဟန်ချက်ညီစွာဖြစ်ပေါ်လာအောင် ဖန်တီးပေးထား သည်။ သို့သော် လူသားများသည် ဟန်ချက်ညီသည့် ဂေဟစနစ်မပျက်ယွင်းအောင် ထိန်းသိမ်းဆောင် ရွက်နိုင်ရေး ဦးစားမပေးကြပေ။ သဘာဝပတ်ဝန်းကျင်ကို နိုင်ငံအစိုးရများနှင့်အဖွဲ့အစည်းများက ထိန်းသိမ်း စောင့်ရှောက်ရန် ကြိုးပမ်းကြရာ ပြည်သူများကလည်း ပူးပေါင်းပါဝင်လုပ်ဆောင် ကြရမည်ဖြစ်သည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာ့လူသား၊ သက်ရှိအားလုံး ကြုံတွေ့ခံစားနေကြရသည်။ ရာသီဥတုပြောင်းလဲ မှုကိုဖြစ်စေသည့် အဓိကအချက်မှာ ဖန်လုံအိမ် ဓာတ်ငွေ့နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တို့ဖြစ်သည်။ လောကဖွံ့ဖြိုးမှု၊ လူသားအကျိုး ပြုမှုအတွက် အသုံးပြု ကြသောပစ္စည်းများမှ ကာဗွန်ဓာတ်ငွေ့များ ထွက်ပေါ်လေ့ရှိရာ ယင်းတို့ကို ထိန်းချုပ်လျှော့ချရန်အတွက် သိသာစွာဆောင်ရွက်နိုင်ခြင်းမရှိသေးချေ။ ကမ္ဘာကြီးတွင် နေ့စဉ်နှင့်အမျှ လူဦးရေများတိုးပွားနေပြီး လူတို့၏နေထိုင်မှုဘဝများ တိုးတက်ပြောင်းလဲမှု ဆင့်ကဲဖြစ် ပေါ်မှုသည် သဘာဝဂေဟစနစ် ထိခိုက်မှုကို ပိုမိုဖြစ်ပေါ်လာခဲ့သည်။
နိုင်ငံများတွင် မြို့ပြနှင့်လူနေမှုစနစ်များ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လောကဖွံ့ဖြိုးတိုး တက်မှုနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ စီမံခန့်ခွဲနိုင်မှသာလျှင် လောကလူသားသက်ရှိများအားလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်မည့် ပန်းတိုင်ဆီသို့ ရောက်ရှိနိုင် မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင်များနှင့်အညီ လုပ်ငန်းများအကောင်အထည်ပေါ်လာအောင် ဆောင်ရွက်နေကြ သည်ကို တွေ့ရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့်ဒြပ် သတ္တိများကို လျှော့ချဖယ်ရှားနိုင်ရန်အတွက် သစ်တောသစ်ပင်များ၊ ဒီရေတောများ၊ ပင်လယ်ကမ်းရိုး တန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် အရေးကြီးသော ဝန်းကျင်များဖြစ်သည်။
အဆိုပါဂေဟစနစ်များသည်ပတ်ဝန်းကျင်မှကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အမြောက်အမြားကို စုပ်ယူသိုလှောင်ထားသည်။ သဘာဝကထိန်းသိမ်းသိုလှောင်ထားသည်ကို အပြာရောင်ကာဗွန်ဟု ဆိုကြသည်။ ယင်းကိုသိရှိထားသော နိုင်ငံများက ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ၊ သစ်တောများ၊ ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကိုအလေးထားကာ အလျင် အမြန်ဖြစ်ထွန်းရေး ဆောင်ရွက်နေကြသည်။ အဆိုပါထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးနှင့် လူသားအားလုံးတို့က ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ပေးနိုင်မှသာလျှင် ဂေဟစနစ်များကို ဟန်ချက်ညီစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ပြီး ကမ္ဘာကြီးတွင် ဥတုရာသီများ ရာသီစက်ဝန်းအလိုက် ပုံမှန်ဖြစ်ပေါ်လာကာ လူသတ္တဝါများနှင့်ပတ်ဝန်းကျင်ကိုများစွာ ထိရောက် အကျိုးပြုမည်ဖြစ်သည်။ “ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေတောများ ပျက်စီးပြုန်းတီးခြင်းများ ကြောင့် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လာသည်သာမက ကမ်းပါး ပြိုကျ တိုက်စားမှုများ၊ နုန်းအနည်ကျမှုများ ဖြစ်ပေါ်စေကာ ရေထုအတွင်းရှိ သတ္တဝါများ ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်သည့် အတွက် ဒီရေတောများကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ သဘာဝ ဒီရေတောများသည် သက်ရှိများအတွက် အစိမ်းရောင်အကာအရံတံတိုင်းသဖွယ်ဖြစ်သည်။ ပင်လယ်ရေ ကြောင်း ခရီးသွားလာရေး၊ ကမ်းဝေးကမ်းနီးငါးဖမ်းဆီးရေး၊ ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စသည့်ခရီးသွားနှင့်စီးပွားရေးလုပ်ငန်း များမှာအပြာရောင်စီးပွားရေးဖြစ်သည်။ ထို့ကြောင့် ကမ်းရိုးတန်းဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည်အကျိုးများစွာရရှိနိုင်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသ လုပ်ငန်းနယ်ပယ်များအလိုက် စီမံအုပ်ချုပ်မှုအစီအစဉ်နှင့် မူဝါဒများ ခိုင်မာစွာ သတ်မှတ်ထားရာ ကမ္ဘာ့နိုင်ငံများနှင့်အတူသက်ရှိများ ရှင်သန်ရပ်တည်ဖွံ့ဖြိုးရေးအတွက် ဂေဟစနစ်များ ဟန်ချက်ညီဖွံ့ဖြိုးရေးကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
(ကြေးမုံအယ်ဒီတာ့အာဘော်)