နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေး ပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကိုစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ဦးနှင့် ဒေါ်နုမြဇံတို့ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူး စုံစမ်းစစ်ဆေး ရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့ အခြေစိုက်ဖြစ်သော ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ပါတီတို့ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၁ ရက်အထိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)