Skip to main content

စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲနေ

မြန်မာနိုင်ငံသည် မြေမျက်နှာပြင် ပထဝီဝင်အနေအထားနှင့် မှီတင်းနေထိုင်ကြသော လူမျိုးစုများ၏ အခြေအနေတို့သည် အခြားမည်သည့်နိုင်ငံနှင့်မျှမတူ ထူးခြား သည့် ဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသည်ကို ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး သိရှိနားလည် နိုင်စေရေး ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါသည်။ ထို့အပြင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများသည် ပြည်ထောင်စု ကြီးအတွင်း ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြသည်ကိုလည်း အားလုံးက သိရှိနားလည်ထားကြရန် လိုအပ်ပါသည်။

ပြည်ထောင်စုသားအားလုံး သိရှိနားလည်ထားကြမှလည်း ငါတို့လူမျိုးသည် အခြားနိုင်ငံက လူမျိုးများနှင့်မတူ၊ ငါတို့နေထိုင်မှုဘဝများသည် အခြားနိုင်ငံမှ လူမျိုးများနှင့်မတူ ငါတို့သည် မတူကွဲပြားကြသော်လည်း တစုတစည်းတည်း အတူလက်တွဲနေထိုင်ခဲ့ကြသည့် လူမျိုး၊ မတူကွဲပြား ခွဲခြား၍မရသော လူမျိုးဖြစ်သည် ဟုနားလည် အသိအမှတ်ပြုနေကြမည်ဖြစ်သည်။ ငါတို့သည်တသီးတခြားလူမျိုးများဟု မည်သည့်အခါမျှ ခွဲခြားထား၍ရမည်မဟုတ်ပေ။ ခွဲခြား နိုင်သည့်အခြေအနေ များလည်းမရှိပေ။ သို့ဖြစ်၍ အားလုံးတပေါင်းတစည်း အတူလက်တွဲပြီး နားလည်မှုရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်သည်။

ပြည်ထောင်စုနိုင်ငံများ ပြိုကွဲရခြင်း၏ အဓိကအကြောင်းရင်းများတွင် ပြည်ပ မှ သွေးထိုး လှုံ့ဆော်မှု၊ သွေးခွဲမှု၊ သပ်လျှိုထိုးဖောက်ဖျက်ဆီးမှုများ မကင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အင်အားနည်းနိုင်ငံများအား ပြည်ပ အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံက ဝင်ရောက်စွက်ဖက် သွေးထိုးနှောင့်ယှက်နေသည်ကို မြင်တွေ့ရမည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် တိုင်းရင်းသား လူမျိုးစုများ စုပေါင်းနေထိုင်ကြသော်လည်း အဓိက လူမျိုးစုကြီးအနည်းငယ်သာရှိပြီး လူဦးရေနည်းသော လူမျိုးငယ်များနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ကြသည်။ နိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးစုများအားလုံး ဟန်ချက်ညီမျှတ စည်းလုံးနေသဖြင့် မည်သူမျှသွေးထိုးလှုံ့ဆော် ဖြိုခွဲနိုင်ခြင်းမရှိချေ။

ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံများတွင် လူမျိုးစုများ ခုဂဏန်း၊ ဆယ်ဂဏန်း၊ အများဆုံးအားဖြင့် မျိုးနွယ် ၅၀ ကျော်ခန့်သာရှိကြသည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသည့် အဓိကတိုင်းရင်းသားမျိုးနွယ်စုကြီး ရှစ်မျိုးရှိသည်ဟုဆိုသော်လည်း လူမျိုးရှစ်မျိုး အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများ ၁၃၀ ကျော်ရှိသည်။ အချို့တိုင်းရင်းသား များမှာ လူဦးရေများပြားပြီး အချို့တိုင်းရင်းသားများမှာ လူဦးရေနည်းပါးသည်။ တိုင်းရင်းသား မျိုးနွယ်စုကြီးများ၏ အသိအမှတ်ပြုထားသော ဒေသများ ရှိသော်လည်း မတူကွဲပြားသော မျိုးနွယ်စုများ ပေါင်းစုနေထိုင်ကြသည်။ အတူစီးပွားလုပ်ကိုင်ကြသည်။ ဤသည်မှာ ပြည်ထောင်စုပင်ဖြစ်သည်။ ဤသည်မှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ ဤစုစည်း မှုကို မည်သို့မျှ ခွဲထုတ်၍ ရမည်မဟုတ်ပေ။

လူဦးရေနှင့်လူမျိုးစုများ ကွဲပြားခြားနားသော်လည်း တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး ရရှိခံစားနိုင်သော အခွင့်အရေးများမှာ တန်းတူညီမျှဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအားလုံး လွတ်လပ်စွာနေထိုင်ခွင့်ရှိသည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ လွတ်လပ်စွာလုပ်ကိုင် ခွင့်ရှိသည်။ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံ ခြင်းမရှိ၊ ယင်းသည် လွတ်လပ်သော ပြည်ထောင်စု နိုင်ငံ၏ အနှစ်သာရဖြစ်သည်။ ယင်းကို ဖြိုဖျက်ရန် ကြိုးစားအားထုတ်သူသည် မိုက်မဲခြင်း ဖြစ်သည်။ သွေးထိုးမြှောက်ပင့်ပေးမှုကို နားယောင် လက်ခံပြီး သွေးကွဲအောင်နေထိုင်မှုသည် မတူကွဲပြား မှုများ တစုတပေါင်းတည်းရှိနေမှုကို ကျော်လွှားနိုင်ခြင်းရှိမည်မဟုတ်ပေ။

ပြည်ထောင်စုမြန်မာနိုင်ငံသည်ထာဝရအဓွန့်ရှည်စွာ တည်ရှိနေမည်ဖြစ်သည်။ ဤပြည်ထောင်စု နိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီစနစ်၏ အနှစ်သာရ ဖြစ်သည့် လူအများစု၏ဆန္ဒကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပြီး လူနည်းစု၏ ဆန္ဒကိုလည်း လေးစားလိုက်နာလျက် ရှိသည်။ သို့ဖြစ်ရာ တိုင်းရင်းသားပေါင်းစုံစုစည်း နေထိုင်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို မည်သို့မျှခွဲခြားရမည်မဟုတ်ဘဲ အားလုံးသည် အတူတကွ စုပေါင်းနေထိုင်ကြသည်ဟူသော အသိစိတ်ဓာတ်ရှိနေသရွေ့ ပြည်ထောင်စုကြီး ထာဝရအခွန့်ရှည် တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါကြောင်း။