Skip to main content

“မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကျင်းပမည်

နေပြည်တော် ဖေဖေါ်ဝါရီ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကျင်းပရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုစိုက်ပျိုး ခြင်းဖြင့် ထုတ်လုပ်မှုမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ “မျိုးစေ့ပြပွဲ ၂၀၂၂” Seed Fair 2022 ကို ဖေဖော်ဝါရီလ တတိယပတ်အတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းအတွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“လူမှုစီးပွားတိုးတက်ဖို့၊ မျိုးကောင်း မျိုးသန့် သုံးကြစို့” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများရှိ သုတေသနခြံများ၊ မျိုးသန့်မျိုးပွားခြံများမှ ထုတ်လုပ်ထားသော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံ မျိုးစေ့ ပျိုးပင် ပြခန်း ပြကွက်များနှင့် စိုက်ခင်းများ၊ ပုဂ္ဂလိက ပြခန်းများ စုံလင်စွာ ခင်းကျင်းပြသထားမည်ဖြစ်ပြီး ပြပွဲရက် များအတွင်း စကားဝိုင်းဆွေးနွေးပွဲများကိုလည်း ထည့်သွင်းစီစဉ် ပေးသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာကြမည့် လယ်ယာကဏ္ဍကို စိတ်ဝင်စားသူများအနေဖြင့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်အသုံးပြုခြင်းများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို စုံလင်စွာ လေ့လာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေးဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် အားကစားကွင်းတွင် ကျင်းပသည့် ဝန်ကြီးဌာန ဝန်ထမ်းများ၏ ပထမအကြိမ် ထုပ်ဆီးတိုး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြာင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် ဦးစီးဌာနကိုယ်စားပြု အသင်းများ၏ ထုပ်ဆီးတိုး အားကစား ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။

သတင်းစဉ်