နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုရာထူးဝန်အဖွဲ့ကွပ်ကဲမှုအောက်ရှိ ဉီးစီးဌာနများနှင့်ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများဖြင့်ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်း တစ်ရပ်၏ ပြယုဂ်-ခေါင်းဆောင်မှုအရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၄ နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ကျင်းပသည်။
ပိတ်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုဆွေးနွေးပွဲသည် နောက်ဆုံးအကြိမ် ကျင်းပသော ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ ယခင် ပထမအကြိမ်နှင့် ဒုတိယ အကြိမ်တို့တွင် ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲရလဒ်များ၊ အကြံပြုချက်များနှင့်အတူ နိုင်ငံ့ ဝန်ထမ်းစနစ် ပိုမိုကောင်းမွန်အောင်၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးတက် စေရေး၊ ခေါင်းဆောင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်ဦးချင်း တစ်ယောက်ချင်း စွမ်းဆောင်ရည်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြိုတင်မျှော်တွေးမှု တိုးတက် ကောင်းမွန်ရေး၊ ယင်းအချက် များကို အခြေခံ၍ အဖွဲ့အစည်းအတွင်း ပူးပေါင်း ဆောင်ရွက်မှု၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှု၊ စည်းလုံးမှုကို တည်ဆောက်ပြီး တစ်ဦးချင်းတစ်ဉီးချင်း တိုးတက်မှုမှသည် အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေမှာဖြစ်ပါကြောင်း၊ တစ်ပြိုင် တည်းမှာပင် အလုပ်ရုံဆွေးနွေးပွဲအတွင်း တက်ရောက် ဆွေးနွေးသူများ၊ ပါဝင်ဆွေးနွေးသူများ၏ အတွေးအခေါ်များ ရှင်သန်ဖွံ့ဖြိုးလာစေပြီး အရည်အချင်း အလိုက် ထုတ်ဖော်ပြသခွင့်ရသည့် အတွက် တစ်ဦးချင်း၏စွမ်းဆောင်ရည် တိုးတက်လာမှုကို များစွာအထောက်အကူပြုသည့် ရလာဒ်ကောင်းများ ဖြစ်ပေါ်လာပါကြောင်း၊ ကျင်းပပြီးစီး ခဲ့သော အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော အကြံပြုချက်များမှ ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များမှချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ချက်ချင်း ဆောင်ရွက်ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကာလမှာ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိဖြစ်ပြီး သတ်မှတ်ခေါင်းစဉ် များအလိုက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အုပ်စုအလိုက်ခွဲ၍ ဆွေးနွေးခြင်း၊ ဆွေးနွေးမှု ရလဒ် များကို ပြန်လည်တင်ပြခြင်း၊ ရလဒ်များသုံးသပ်ဖော်ထုတ်ခြင်း၊ အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြု လက်မှတ်ချီးမြှင့်ခြင်း၊ အကောင်းဆုံး ဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံးပါဝင် ဆွေးနွေးသူများနှင့် အကောင်းဆုံးအုပ်စုအလိုက် ဆွေးနွေးတင်ပြသည့် အုပ်စုအား ဆုများ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်