Skip to main content

တရားမဝင်ကျွန်းသစ်၊ သစ်မျိုးစုံ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်၊ စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ စုစုပေါင်းအလေးချိန် (၂၄၃)ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော MITSUBISHI Chariot အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၅၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၃၄,၁၁၄) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားခြင်းမရှိသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အသည်းအားဆေး ထုပ် (၈၀၀) (ခန့်မှန်းတန်ဖိုးကျပ် ၄,၀၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း တာဝန်ကျအကောက်ခွန်အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၅၇,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းရှိ အကောက်ခွန် ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သားအမျှင်ထုတ် ထုပ် (၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသော FF-2856 (AD VAN) ယာဉ်အမျိုးအစား (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂,၅၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၁၁ ဒသမ ၁၄၈၀)တန်၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၀,၃၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သတင်းအရ သွားရောက်စစ်ဆေးရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်း များအတွင်း တရားမဝင်သစ်မျိုးစုံ တန် (၁၅ ဒသမ ၂၀၆၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၄,၃၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးခဲ့ရာ အင်းတော်မြို့နယ်အတွင်း FLOYMO-125 TRACKE အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀,၀၀၀)နှင့် ဟုမ္မလင်းမြို့နယ်အတွင်း ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့်  အင်ဂျင်(၅)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်၄၆,၀၂၅,၈၃၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်