Skip to main content

ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ် စံပြချမ်းမြေ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ဈေးရောင်းချမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် လမ်းညွှန်မှာကြားသည်။

ထို့မှတဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အောင်ဆန်းမြို့၊ အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက်သို့သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်နှင့် နဝကမ္မ အလှူတော်ငွေတို့အား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းသည်။

ထိုမှတဆင့် မိုးကုတ်ကျောင်းလမ်းရှိ စဉ့်ငူအားကစားကွင်း မြေညှိပြီး မြေယာရှုခင်း ပြုပြင်ထားရှိမှု၊ ခြံစည်းရိုး ကာရံထားမှုနှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွင်းအတွင်း သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမကြီးဘေးတလျှောက် ရေစုကန်ရေမြောင်း အား Excavator ဖြင့် ဗေဒါ၊ အမှိုက်၊ ဒိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ လှိုင်သာယာပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်း ရေစုကန် ရေမြောင်း ရေစီး ရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားဖြင့် အမှိုက်နှင့် နုံးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းကူး ပိတောက်ချောင်း မြေထိန်း နံရံတည်ဆောက်နေမှုကို လည်းကောင်း၊ ရွှေပိတောက် ငါးဈေးအတွင်း ဈေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှ ဟင်းရွက်ဆွေးမှ EM Bokashi မြေဩဇာထုတ်လုပ်နေမှု လုပ်ငန်းကို လည်းကောင်း၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သစ်ရွက်ဆွေးမှ EM Bokashi မြေဩဇာ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် စွန့်ပစ်ဟင်းသီးဟင်းရွက် ဆွေးများနှင့် သစ်ရွက်ဆွေးများမှ သဘာဝမြေဩဇာ ပြန်လည်ထုတ်လုပ်ပေးခြင်းဖြင့် အမှိုက်ပုံများသို့ အမှိုက်သယ်ယူ စုပုံမှု လျော့ချနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများတွင် လိုအပ်သော သဘာဝမြေဩဇာအား ဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရန် အတွက် ဓာတ်မြေဩဇာ အစားထိုး EM Bokashi မြေဩဇာ ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်