နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နိုင်ငံတစ်ဝန်းရှိ ထပ်ဆင့်လွှင့်စက်ရုံများမှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
သီဆိုကပြဖျော်ဖြေ
ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ (၇၆) နှစ် သမိုင်းမှတ်တိုင် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယိုအမည်မှ စတင်ခဲ့ပြီး ယခုဆိုလျှင် (၇၆)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထည်ထည်ဝါဝါ ရပ်တည်နိုင်ခြင်းသည် တာဝန် ထမ်းဆောင်ခဲ့သူအားလုံး၏ ကြိုးပမ်းမှုကြောင့် ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည့် အမိကလုပ်ငန်းရပ်များအပြင် နိုင်ငံတော်က အလေးထားရသော၊ ပြည်သူများအားကိုးရသော ဝန်ကြီးဌာနဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်နှင့်ညီသော၊ နုပျိုသစ်လွင် သော အစီအစဉ်ကောင်းများ တင်ဆက်နိုင်ရန်လည်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာရှင်များနှင့်လည်း လက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MRTV News Channel အသစ်တစ်ခုကို ဖေဖော်ဝါရီ ၁ ရက် တွင် ထပ်မံထုတ်လွှင့်နိုင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အစီအစဉ်အသစ်များ၊ ရုပ်သံလိုင်းအသစ်များ ထပ်မံထုတ်လွှင့်၍ ပြည်သူများအတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
လာမည့်ကာလတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မီဒီယာစွမ်းအားဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ရာ ဝန်ထမ်းများ၊ အနုပညာရှင် များကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာပွင့်ဆန်းတို့က ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများအတွက် ငွေကျပ် ၁၆၆၀၇၀၀၀ တန်ဖိုးရှိ တူညီဝတ်စုံများကို ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ ပေးအပ် သည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့နှင့် အနုပညာရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက အဉ္စလီအငြိမ့်အဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက အနုပညာရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များကိုဂုဏ်ပြု ပန်းခြင်းပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေဒီယိုနှင့် ရုပ်သံလွှင့် လုပ်ငန်းတစ်ခုဖြစ်ပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်မှန်းချက် များနှင့်အညီ ထုတ်လွှင့်တင်ဆက်လျက်ရှိသည်။
၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန် ရေဒီယို (Rangoon Radio) မှ ဗမာ့အသံ ( Burma Broadcasting Service-BBS) အမည်ဖြင့် စတင် အသုံးပြုခဲ့ပြီး ၁၉၈၀ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန်ထုတ်လွှင့်ခဲ့သည်။
ယခုအခါ MRTV HD ၊ MRTV News ၊ MRTV NRC၊ MRTV Farmers'ı MRTV Parliament MRTV Sports ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့် သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသားဘာသာ ၁၇ မျိုး ပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသည်။
FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်
မြန်မာနိုင်ငံအရပ်ရပ်မှ အများပြည်သူများ အရုပ်၊ အသံအရည်အသွေးကောင်းမွန်သည့် အစီအစဉ်များကို ဖမ်းယူကြည့်ရှုနားဆင်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်း ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံပေါင်း ၂၅၈ ရုံ ဖွင့်လှစ်ထားရှိပြီး မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့ တပ်ဆင်ထားသည့် စက်ရုံ ၈၅ ရုံ၊ Digital စနစ်ဖြင့် ထုတ်လွှင့်သည့် DVB T2 လွှင့်စက် တပ်ဆင်ထားသည့် စက်ရုံပေါင်း ၁၅၃ ရုံ ဖြင့် ထုတ်လွှင့်လျက်ရှိသည်။
သတင်းစဉ်